ရှိုက်သံ


 ရှိုက်သံ

-----------

ယခုဆိုလျှင် အချိန်အားဖြင့် ရှစ်လ‌ကျော်ရှိပြီဖြစ်သည်။ 


ရန်ကုန်လေဆိပ်မှ ထွက်ခွါခဲ့သည့်အချိန်မတိုင်ခင် ရှေ့သို့(၉)ရက် သွားကြည့်မည်ဆိုလျှင် ကျွန်တော်၏သားသားလေးကို မွေးဖွားသည့်ရက်ဖြစ်သည်။ 


အချိန်အားဖြင့် သန်းခေါင်ယံ (တစ်နည်းအားဖြင့်) မနက် ၂:၃၀ အချိန်ဖြစ်သည်။ ဗဟိုအမျိုးသမီးဆေးရုံကြီး၏ သားဖွားခန်းရှေ့တွင် ကမ္ဘာလုံးကြီးအား ပုခုံးပေါ်တင်၍ ထမ်းထားနေရသည့်အလား အပူသောကများ အလွန်လေးလံစွာ ကျွန်တော်၏ ခေါင်းပေါ် သို့ ပိနေခဲ့သည်။ အလွန်ပင် ဆိုးရိမ်ကြောက်ကြစွာ ကျွန်တော်၏ဆယ်နှစ်အရွယ်သမီးလေးအား လက်ဆွဲကာ သားဖွားခန်းအဝတွင်ရပ်၍ မွေးခန်းထဲမှ ချစ်လှစွာသောချစ်သူ၏ ဝမ်းတွင်းမှ မကြာခင် မိသားစုဝင်အသစ်ဖြစ်လာမည့် သားသားလေးကို မြင်နိုင်ရန် လမ်းလျှောက်၍လည်းမရ၊ ထိုင်၍လည်းမရကာ စောင့်မျှော်နေခဲ့၏။ 


သားသားလေးကို မွေးပြီးသည်နှင့် သိပ်မကြာခင် နာရီပိုင်းအချိန်တွင် မိုးစင်စင်လင်းနေပြီ ဖြစ်သည်။ ယခုစိတ်အေးရပြီဖြစ်သောကြောင့် တစ်နေ့လုံးပင်ပန်း၍ တစ်ညလုံးမအိပ်ရသေးသော ကျွန်တော်၏မျက်လုံးများသည် အိမ်မှအိပ်ယာခင်းအား တောင့်တနေရှာသည်။ ဆေးရုံမှအိမ်သို့ရောက်လာသောအချိန်မှာ (8:00) ဝန်းကျင်ဖြစ်နေပြီ။ အိမ်သို့ရောက်သည်နှင့် ခေတ္တနားပြီး အိပ်ယာသို့ဝင်ချိန်မှာ (၉) နာရီ။ မျက်လုံးများစုံမှိတ်၍ အိပ်ပျော်သွားသည်ကိုပင် မသိသော ကျွန်တော်၏နားထဲသို့ ဖုန်းမြည်သံကြားရသဖြင့် ကြည့်လိုက်ရာ သင်္ဘောကုမ္ပဏီ အေဂျင်စီမှ ဖြစ်နေသည်။ နာရီကြည့်လိုက်သည့်အခါ အချိန်အားဖြင့် (၁၁)နာရီ ခန့်။ ထို့ကြောင့်ကျွန်တော်၏ အိပ်ချိန်မှာ နှစ်နာရီမျှသာရှိသေးသည်။ ဖုန်းကိုင်သည်နှင့်တပြိုင်နက် တဖက်မှ ချက်ချင်းပြောလိုက်သောစကားမှာ ယနေ့နေ့လည် (၂)နာရီတွင် ဂျပန်နိုင်ငံတွင်ရှိသော သင်္ဘောပေါ်သို့သွားရန် စာချုပ်ချုပ်ဆိုရမည်၊ ထို့နောက် ရက်ပိုင်းအတွင်း သွားရမည်ဟူ၍ ဖြစ်သည်။


ထိုအချိန် ဆူနာမီလှိုင်းလုံးကြီးများသည် ကျွန်တော့်အား ဘက်ပေါင်းစုံမှ ပြင်းထန်စွာ ရိုက်ခက်လိုက်သည့်အလား အတွေးပင်လယ်ထဲ နစ်မြုပ်ခဲ့ရသည်။ ဘာကြောင့်များပါလိမ့်••••••


သားသားလေး လူ့လောကထဲရောက်လာသည်မှာ နာရီပိုင်းသာရှိသေးသည်။ သားသားလေး၏အသက် အတိအကျကို ပြောရမည်ဆိုလျှင် (၈)နာရီ မိနစ်(၃၀)သာရှိသေးသည်။ 

သားသားလေးကို မွေးကင်းစ အရွယ်မှာပင် ခွဲခွါရတော့မည့်အပြင် သားချော့တေးကို ဆိုခွင့်မရဝောာ့မည်ကို ကျွန်တော်သိလိုက်ရသောကြောင့်ဖြစ်သည်။


ထို့နောက် စာချုပ်ချုပ်ဆိုခဲ့သည်။ အခြားလုပ်ရမည့် လုပ်ငန်းအဆင့်ဆင့်ကို ပြီးစီးသည်နှင့် လေယာဉ်လက်မှတ် လက်ထဲသို့ရောက်လာခဲ့သည်။ ရက်စွဲကိုကြည့်လိုက်ရာ မနက်ဖြန်တဲ့လား။


သားလေးအသက်ကိုးရက်။ ရန်ကုန်လေဆိပ်မှ ကျွန်တော်ထွက်ခွါရတော့မည်။ ကျွန်တော်ပြုံးထားခဲ့သည်။ သမီးလေးနှင့် သားသားလေး၏ အနာဂတ်အတွက် ထွက်ခွါခဲ့ရခြင်းဖြစ်သည်။ ဝမ်းနည်းစရာအကြောင်းမရှိ။ သို့သော်မျက်ရည်ကျခဲ့သည်။ 


ယခုစာရေးနေချိန်တွင် သားသားလေး၏အသက်မှာ ကိုးလရှိပြီဖြစ်သည်။ တီတီတာတာ ပြောတတ်နေပြီ။ မိခင်ကို မျက်စိအောက်မှ အပျောက်မခံ။ ပါးလေးကိုင်လိုက် နမ်းရှုတ်လိုက်၊ ဝမ်းလျားမှောက်သွားနေလိုက်နှင့် မြင်ရသည်မှာ လွန်စွာပင် ရင်ကိုအေးမြစေသည်။ အမေနှင့် အစ်မဖြစ်သူကို ခေါ်တတ်နေပြီ။ သို့သော်သားသားလေး၏နှုတ်မှ လိုလိုလားလား "ပါပါ"ဟု ယခုချိန်ထိ မခေါ်သေးပါ။ ကျွန်ဝောာ်၏ မိသားစုဝင်များသည် သားသားလေးအား မည်သို့ပင် သင်ပေးစေကာမူ သားသားလေး၏ မှတ်ဉာဏ်တွင် ကျွန်ဝောာ်မရှိသေး။ သူ၏မသိစိတ်တွင် မွေးကင်းစအရွယ်တွင်ပင် ရက်စက်စွာ ထားခဲ့သော ဤဖခင်ကို လွန်စွာစိတ်နာနေပြီလားဟု ကျွန်တော်တွေးမိသည့် ရက်ပေါင်း(၂၄၇)သည် အိပ်ရေးပျက်ခဲ့ရသော ညများပင် ဖြစ်ခဲ့သည်။


ရက်ပေါင်းများစွာ ပင်လယ်ထဲ ဖုန်းလိုင်းများပြတ်တောက်၍ အဆက်သွယ်ပြတ်ရာမှ လိုင်းပြန်ရသောအခါဝယ် ဖုန်းခေါ်လိုက်သည့်အချိန်တိုင်း မျက်နှာလွှဲ၍ ကျောပေးလိုက်သော သားသားလေး။ သူလည်းနာကျင်နေဟန်ရှိသည်။ 


ဖခင်တစ်ယောက်၏ တာဝန်ကို မကျေပွန်နိုင်သော ကျွန်ဝောာ်၏ မသိစိတ်မှ ကြောက်ရွံနေသောအကြောင်း တစ်ခုရှိသည်။ ဤကားအခြားမဟုတ်။ နောက်နှစ်လနေလျှင် မြန်မာနိုင်ငံ ရန်ကုန်လေဆိပ်သို့ ကျွန်တော်ပြန်ရောက်မည်။ လေဆိပ်အဝတွင် မြင်မြင်ချင်း ကျွန်တော့်အားပြေးဖက်မည့်သူမှာ အလွန်သိတတ်လိမ္မာလှသော ကျွန်တော်၏ ချစ်သမီးလေးဖြစ်သည်။ ထို့နောက် တစ်နှစ်အရွယ်ရှိနေပြီဖြစ်သော သားသားလေးပင်ဖြစ်သည်။ ဤအခိုက်အတန့်ကို ကျွန်တော်အဘယ်သို့ရင်ဆိုင်ရမည်နည်း။ 


ကျွန်တော့်ကိုမြင်သည်နှင့် သူ၏အဖေဟုမသိပဲနှင့် ငိုကြွေးလိုက်မည်လား။

သူလေးအား ကျွန်တော်၏ရင်ခွင်ထဲတွင် ထွေးပိုက်ခွင့်ပေးမည်လား။

ကျွန်ဝောာ့်ကို အပြုံးများပေးမည်လား။

ကြောက်ရွံနေမည်လား။


မေးခွန်းများ၏အဆုံး၌ ကျွန်တော်၏နှလုံးသားများ ဟက်တက်ကွဲကြေရပါသည်။ သားသားလေး ကျွန်တော့်ကို သိလာစေရန်နှင့် သင်္ဘောသားဖခင်တစ်ယောက်၏ ချစ်ခြင်းမေတ္တာတို့ကို နားလည်လာစေနိုင်ရန် အချိန်တစ်ခုစောင့်ရမည်ကို ကျွန်တော်သိသော်ငြားလည်း အဘယ်ကြောင့်ကြောက်ရွံနေသည်ကို ကျွန်တော်ကိုယ်တိုင်မသိပါ။


အစဉ်လေးစားစွာဖြင့်•••••••••••••

#မောင်ရှိန်း

11.11.2025

www.shaneminphyo1994.blogspot.com