ဘဝအိမ်စာ မိနစ်(၃၀)လုပ်ပါ


 ဘဝအိမ်စာ မိနစ်(၃၀)လုပ်ပါ

•••••••••••••••••••••••••••••••••••

ကျွန်တော်တို့ ငယ်ငယ်က ကျောင်းတတ်ကြတယ်။ ကျောင်းကပြန်ရင် ကျွန်တော်တို့ စား၊ သောက်၊ နားပြီး ညအချိန်ဆို မအိပ်ခင် ကျောင်းကဆရာ/ဆရာမတွေ ပေးလိုက်တဲ့ အိမ်စာကို လုပ်ကြတယ်။ အနည်းငယ် ကွဲပြားမှုတော့ ရှိမှာပေါ့ဗျာ၊ တခြို့က ချက်ချင်းလုပ်ရင်လည်း လုပ်မယ်ပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် အိမ်စာလုပ်ကြတယ်။ မိဘတွေကလည်း သားသမီး‌တွေအတွက် ပါရမီဖြည့်ပေးခဲ့ကြတယ်။ စာမလုပ်ရင် အိမ်စာလုပ်၊ စာကျက် တစ်ခုခုပေါ့။ ကျွန်တော်တို့ကို ပညာရေးအတွက် တိုက်တွန်းပေးခဲ့ကြတယ်။


အယ် အခု ကျွန်တော်တို့တွေ ကျောင်းပြီးလို့ ကိုယ်စီဘဝတွေကို ပုံစံအမျိုးစုံနဲ့ လျှောက်လှမ်းနေကြပြီ။ အခုကော ဘာလို့အိမ်စာတွေ မလုပ်ကြတော့တာလဲ။


အကျင့်‌လေးတစ်ခု မျှဝေချင်လို့ ဒီအကြောင်းလေး ရေးလိုက်ပါသည်။


ကျွန်တော်တို့တွေ တစ်နေ့တာကို ဘယ်လိုပုံစံပဲ ဖြတ်သန်းနေပါစေ၊ ဘဝအတွက် တစ်ရက်ကို နာရီဝက် မိနစ်(၃၀)ကို ဘဝအိမ်စာ လုပ်ပေးပါ။


ဘဝအိမ်စာ ဘာတွေလုပ်ရမလဲ။

ဘာတွေလုပ်ရမလဲ အရေးမကြီးပါဘူး။

မိတ်ဆွေဘဝအတွက် (လုံးဝ)မသိသေးတဲ့၊ မရသေးတဲ့ အရာအတွက် အိမ်စာလုပ်ပါ။


ကျွန်တော့်အကျင့်အတိုင်း ဥပမာလေးနဲ့ ရှင်းပြပါရစေ။ 

(၁) ပညာရပ်တစ်ခုကို မိနစ် (၃၀)

(၂) ဘာသာစကားတစ်ခုကို မိနစ် (၃၀)

(၃) နားမလည်သေးတဲ့ စီးပွားရေးကို မိနစ်(၃၀)

(၄) ဗဟုသုတ မိနစ် (၃၀)

(၅)ကျန်းမာရေး မိနစ်(၃၀)


တစ်ခုခုပေါ့။ မိမိမသိသေးဝာာ ဘာပဲဖြစ်ဖြစ်ပေါ့။ မိမိအတွက် လိုအပ်ဆုံးဖြစ်မယ့်အရာကို အိမ်စာ လုပ်ကြည့်ပါ။


အရင်က English စာတွေကို အိမ်စာလုပ်ခဲ့တယ်။

ကျွန်တော်အခုဆို မလေးစကားကို မိနစ်(၃၀)နေ့တိုင်း အိမ်စာလုပ်တယ်။ တစ်ယောက်ယောက်က ကျွန်တော့်ကို မနက်ဖြန် စာမေးမယ်လို့ တွေးပြီးကိုလုပ်တယ်။ မိနစ် (၃၀)မှာ တစ်လုံးပဲရရ၊ ဆယ်လုံးပဲရရ၊ အလုံး(၁၀၀)ပဲ ရရ၊ ရ သလောက်လေးကို ကျွန်တော့်ဘဝအတွက် အိမ်စာလုပ်တယ်။


လွန်ခဲ့တဲ့နှစ်တွေက ကျွန်တော့်ဘဝမှာ လုံးဝ မသိသေးတဲ့ ပညာရပ်တစ်ခုကို အိမ်စာလုပ်ခဲ့တယ်၊ အဲ့ပညာရပ်ကို ကျွန်တော်တစ်ချိန်အသုံးပြုမှာလည်း ဖြစ်တဲ့အတွက်ကြောင့် တစ်ရက်ကို မိနစ် (၃၀) ကြိုပြီး အိမ်စာလုပ်ခဲ့တယ်။


ငယ်ငယ်တုန်းက လုပ်ခဲ့တဲ့အိမ်စာတွေကလည်း ဒီလိုပဲလေ။ လက်ရှိအတွက်မှ မဟုတ်ခဲ့တာ။ နောင်တစ်ချိန်အတွက် ကြိုလုပ်ခဲ့ကြတာပဲ။ အခုကျွန်တော်ကြိုလေ့လာခဲ့တဲ့ အိမ်စာ မိနစ် (၃၀)စာတွေဟာ လပေါင်းများစွာ ကြာလာတော့ အသုံးဝင်လာခဲ့တာပေါ့။ 


ကျွန်တော် ရလဒ်ပြောပြမယ်နော်။

ကျွန်တော် တစ်ချိန်က သူများစီမှာ ဝန်ထမ်းလုပ်တယ်။ လစာနည်းတယ်။ ‌လေးစားမှုမခံခဲ့ရဘူး။ တိုးတတ်မှုလည်းမရှိဘူး။ ဒါပေမယ့် ဒါပေမယ့် ဒါပေမယ့် ••••••••


ကျွန်တော်အဲ့အချိန်က လုပ်နေတဲ့ အလုပ်နဲ့လုံးဝမဆိုင်တဲ့ ပညာရပ်တစ်ခုကို ညတိုင်း ဘဝအိမ်စာ မိနစ် (၃၀) လုပ်ခဲ့တယ်။ လုပ်နေတဲ့အိမ်စာကို သဘောပေါက်ကျွမ်းကျင်သွားတော့ အပေါ်မှာပြောခဲ့သလို English စာကို အိမ်စာထပ်လုပ်ခဲ့တယ်။ အဲ့လိုနဲ့ အချိန်တစ်ခု ငါးနှစ်၊ ဆယ်နှစ်ကုန်ဆုံးပြီးသွားတဲ့အချိန်မှာတော့ အခုကျွန်တော်လုပ်ခဲ့တဲ့ အိမ်စာတွေက ရလိုက်တဲ့ ပညာတွေကို အခက်အခဲ (လုံးဝ)မရှိပဲ အသုံးချနေပြီ။ အကျိုးအမြတ်ကိုလည်း စံစားနေရပြီ။


လွန်ခဲ့တဲ့ ဆယ်နှစ်က ဖုန်းအပိုပစ္စည်းဒိုင်မှာ အထမ်းသမားနီးနီး၊ ကားရေဆေးပေးရတဲ့ သူဌေးကျွန်နီးနီး ခိုင်းခံခဲ့ရတဲ့ အချိန်က "ဟျောင့်ရှိန်း မင်းကဘာတွေ အိမ်စာလုပ်ခဲ့တာလဲ" မေးမယ်ဆိုရင် ကျွန်တော့်အဖြေက အင်ဂျင်နဲ့ပတ်သတ်တဲ့၊ လျှပ်စစ်နဲ့ပတ်သတ်ပြီး ပညာရပ်တွေကို တစ်ရက်ကို ဘဝအိမ်စာ မိနစ်(၃၀) လုပ်ခဲ့တယ်။


အများကြီးမဟုတ်ဘူးနော်။ တစ်ရက်လုံးကိုမှ မိနစ် (၃၀)ပဲ။


အခုကျွန်ဝောာ်သည် အလွန်ကြီးမားသော အင်ဂျင်ကြီးတွေကို ပြုပြင်ထိန်းသိမ်းနေရတဲ့ Marine Engineer (သင်္ဘောစက် အင်ဂျင်နီယာ) တစ်ယောက်ဖြစ်လာပြီ။ ဒါတွေက ဒီနေ့ အင်ဂျင်နီယာဖြစ်ချင်လို့ မနေ့က လေ့လာခဲ့တာ မဟုတ်ဘူးနော်။ ဘဝအိမ်စာ မိနစ်(၃၀)ပဲ နေ့စဉ်နေ့တိုင်း မှန်မှန်လုပ်ခဲ့တာပါ။ အရင်ကလည်းလုပ်ခဲ့တယ်၊ အခုလည်းလုပ်နေတယ်၊ နောင်လည်းလုပ်နေဦးမှာပါ။


အရင်က "ဟျောင့်"လို့ခေါ်တဲ့ သူဌေးကြီးတွေ အခု "ရှိန်း ညီလေး" လို့ခေါ်နေတယ်။ ဘာလို့လဲ။ ပညာ၊ အရည်အချင်းနဲ့ ငွေကြောင့်ပဲ မိတ်ဆွေ။


မည်သည့်ပညာကိုမဆို ဆည်းပူးနေပါ။

ဘဝအတွက် Target ထားပါ။

စာဖတ်ပါ။

***နေ့စဉ် ဘဝအိမ်စာ မိနစ် (၃၀) လုပ်ပါ။***

ကျန်းမာအောင်နေပါ။


မိတ်ဆွေတို့ ဘဝအတွက်၊ နောင်လာနောင်သားတွေအတွက်၊ ဘဝအိမ်စာ မိနစ်(၃၀) ပုံမှန်လုပ်ကြည့်ပါ။ တစ်လအတွင်း သိသာလာပါလိမ့်မယ်။


လေးစားစွာဖြင့်•••••••


#မောင်ရှိန်း

01.04.2025