အခုတော့ သူပျော်နေသည်
•••••••••••••••••••••••••••••••••
(၂၀၂၁)ခုနှစ်၊ ရန်ကုန်မြို့တွင်ဖြစ်သည်။ ရာသီဥတုမှာ ညိုမှိုင်းနေသည်။ အချိန်ကား ညနေ (၄:၃၀)ရှိပြီ။ ကောင်းကင်ပေါ်သို့ မော့ကြည့်သော် အုပ်ဆိုင်းမဲမှောင်နေသည်။ မကြာခင် ဒေါသအပြည့်ဖြင့် သည်းကြီးမဲကြီး ရွာသွန်းတော့မည့် မိုးသားများကို မြင်တွေ့ရနေသည်။ လေစိမ်းများသည်လည်း အုပ်ထိန်းသူမရှိသည့်အလား စည်းမဲ့ကမ်းမဲ့ ကြမ်းတမ်းစွာ တိုက်ခိုက်နေသည်။
ထိုအချိန်က ကျွန်တော်သည် တာမွေမြို့နယ်တွင် ဖုန်းပြင်သည့်ဆိုင် ဖွင့်ထားသည်။ ဖုန်းပြင်ရုံသာမက သင်တန်းသားများလည်းရှိသည်။ ဆိုင်ဟုဆိုသော်လည်း အခန်းဖြင့် ခမ်းခမ်းနားနားတော့ မဟုတ်။ ပျဉ်ထောင်အိမ်တစ်ခု၏ အရှေ့တွင် လွတ်နေသော မြေနေရာပေါ်၌ အိမ်ရှင်အား လစာပေး၍ ငှားထားခြင်းဖြစ်သည်။
ဆိုင်ကို လေးထောင့်ထီးအကြီးဖြင့် ဖွဲ့စည်းထားသည်။ ထီးကြီး၏ အနောက်နှင့် ဘေးကိုပိတ်၍ အရှေ့နှင့် ကျန်တစ်ဖက်ကို ဆိုင်ဝင်ပေါက်အဖြစ် ဖွင့်ထားသည်။ ပိတ်ထားသည်မှာ ပလက်စတစ် အကြည်များဖြင့် ကားထားခြင်းဖြစ်သည်။ ကောင်တာစားပွဲ တစ်လုံးရှိပြီး ထိုစားပွဲပေါ်တွင် ပြုပြင်ရေးစက်များကို စီထားသည်။ လမ်းဘေးဖုန်းပြင်ဆိုင်ဖြစ်သည်။
လမ်းဘေးဆိုင်ဖြစ်သော်လည်း ကျွန်တော်၏
(၁)ဆက်ဆံရေးပြေပြစ်မှုကြောင့် လူဝင်/ထွက်
အဝောာ်ပင်များသည်။
(၂)ကျွမ်းကျင်မှုကြောင့် အချိန်တိုအတွင်း ပြုပြင်ပြီးစီးခြင်း၊ လက်ရာသေသပ်ခြင်းကြောင့် တစ်ကြိမ်လာဖူးသူသည် သူ၏မိတ်ဆွေများကိုပါ ကျွန်တော့်ဆိုင်သို့ ညွှန်ပေးကြသည်။
(၃)ဈေးနှုန်းမှန်ကန်ခြင်းကြောင့် ဈေးစကားဘယ်သောအခါမှ ပြဿနာမရှိပါ။
(၄)စေတနာထားခြင်းကြောင့် ပြုပြင်ပေးရသည့်အပိုင်းအပြင် တစ်စုံတစ်ခုကို ဖြုတ်လက်စ၊ ပြင်လက်စဖြစ်ကာ တစ်ခါတည်းရောပြင်ပေးလိုက်ခြင်း၊ အတွင်းပိုင်းသန့်ရှင်းရေးလုပ်ပေးခြင်းတို့ကြောင့် ကျွန်တော်၏စေတနာကို သူတို့မြင်ကြသည်။ ထို့ကြောင့် အမြဲအားပေးကြသည်။
သို့ဆိုလျှင် ကျွန်တော့်ဆိုင်နှင့်ပတ်သတ်၍ မြင်ယောင်မိပြီဟု ယူဆရပါသည်။
နိဒါးန်ပျိုးခဲ့သော ရာသီဥတု အခြေအနေနှင့် ပလက်စတစ် အကာဖြင့် ကာထားသော ကျွန်တော့်ဆိုင်ကို ယှဉ်ကြည့်ပါက စစ်သူကြီးတစ်ဦးကို စစ်တပ်ကြီးတစ်စုမှ ဝင်ရောက်စစ်ခင်း တိုက်ခိုက်ရန်အတွက် ပြင်ဆင်ထားသကဲ့သို့ ဖြစ်နေသည်။ အင်အား လုံးဝ မမျှ။ သို့သော် ကျွန်တော်သည် သူရသတ္တိဖြင့် ပြည့်စုံသော စစ်သူကြီးပမာ ဤတိုက်ပွဲကို ဆင်နွှဲရန် ကြိုတင်ပြင်ဆင်နေခဲ့သည်။
မကြာမှီရွာတော့မည့် မိုးနှင့် ကျွန်တော့်၏ဆိုင် စက်ပစ္စည်းများ မိုးမဆိုစေရန်၊ မပျက်စီးစေရန်၊ အလျင်အမြန် ကြိုတင်ပြင်ဆင်နေရသည်။
ထိုအချိန် သင်တန်းသားအသစ်ကို ကျွန်တော့်ထံအပ်နှံရန်အတွက် အမျိုးသမီးကြီးတစ်ဦး ဆိုင်သို့ရောက်လာခဲ့သည်။
"ဆရာ....ကျွန်မသားလေးကို သင်တန်းအပ်ချင်လို့ပါ"
ထိုအချိန် ကျွန်တော်၏အသက်မှာ (၂၇)နှစ်သာရှိသေးသည်။
ဆရာဟုခေါ်နေသော အမျိုးသမီးမှာ အသက် (၅၂)နှစ်ဖြစ်သည်။ ကျွန်တော့်ကို လေးစားမှုဖြင့် ခေါ်ဆိုနေခြင်းဖြစ်သည်။
"ဪ...ဟုတ်ကဲ့ အန်တီ ထိုင်ပါ" ဟုပြောနေသော်လည်း
ကျွန်တော်၏စိတ်များသည် နေရာသုံးခုသို့ ရောက်နေသည်။
(၁)ရွာတော့မည့်မိုး
(၂)ကျွန်တော်၏ မဟေသီ ချစ်ဇနီးအား
သင်တန်းသား အသစ်တစ်ယောက် ထပ်ရခြင်းကြောင့် သူမကိုပြောပြချင်နေသည်။
(၃)သင်တန်းသား အသစ်ကြောင့် ရရှိမည့် ဝင်ငွေ။
လမ်းဘေးဆိုင်ဖွင့်ထားသည် ဆိုခြင်းကြောင့် ကျွန်တော်၏ဘဝ အခြေအနေကို စာဖတ်သူတို့ မှန်းစ၍ရမည်။
ရာသီဥတု၊ ဇနီးနှင့် ဝင်ငွေတို့အပေါ် အာရုံရောက်ရင်း တဖက်မှအန်တီနှင့်လည်း စကားပြောဆိုနေရသည်။
"ကျွန်မ အသက် (၅၂)ထဲမှာပါ ဆရာ၊ အသက်ကြီးမှ ရတဲ့ကလေး၊ ပြီးတော့သားယောက်ျားလေးလည်း ဖြစ်နေတာကြောင့်၊ အချစ်လွန် အလိုလိုက်မိတာ ပြောရဆိုရတော့ ခက်နေတယ်၊ ဆိုးတယ်ပေါ့ ဆရာရယ်"
"ဪ...သူ့အသက်က?"
"(၂၂)ပါ ဆရာ"
ကျွန်တော်သည် လူဆိုးထိန်းလည်းမဟုတ်၊ ကျောင်းဆရာလည်းမဟုတ်၊ လေးစားခံရမှု၊ ဝါသနာထက်သန်မှုနှင့် မိသားစုအရေးတို့ကြောင့် သင်တန်းပြနေရခြင်းဖြစ်သည်။
စာသင်ပေးရခြင်း၊ စကားပြောနေရခြင်း၊ စာရေး၊ စာဖတ်နေရခြင်းတို့ကို ကျွန်တော်လွန်စွာ နှစ်သက်သည်။
"ကျွန်တော် အစမ်းသုံးရက်လောက် သင်ပေးမယ်လေ၊ အစဉ်ပြေဝောာ့ ဆက်သင်ပေါ့ အန်တီ"
"သင်တန်းကြေးကကော"
"တစ်သိန်းပါ"
"ကျွန်မလေ ဆရာ့ကို တစ်ခုလောက် တောင်းဆိုချင်တယ်"
"ဟုတ်ရပါတယ်၊ ပွင့်"လင်း"ပြောပါ"
"ကျွန်မသားလေးကို ဖုန်းပြင်တတ်ရုံမဟုတ်ပဲ၊ ဆရာ့တပည့် ဝင်းအောင်လို အပြင်လောကနဲ့လည်း" ပြောရင်း မျက်ရည်ဝဲလာသည်။ အသံတုန်လာသည်။
"ဪ ဟုတ် ဟုတ် ကျွန်တော်သဘောပေါက်ပါပြီ"
(ဝင်းအောင်သည် ကျွန်တော်၏ သင်တန်းသားထဲမှ (No.1) အတော်ဆုံး ကျောင်းသားဖြစ်သည်။ ကျွန်တော့်ကို ဆရာဖြစ်အောင် အရင်ဆုံး သင်တန်းအပ်ခဲ့သူ၊ ကျွန်တော်တတ်သိသမျှကို မခြွင်းမချန်သင်ယူခဲ့သူ၊ ဧရာဝတီတိုင်းသား၊ လူကြမ်း၊ ကျောင်းပညာအရည်အချင်းမရှိသူ၊ သို့သော် ယခုအခါတွင်မူ ကျွန်တော်၏သင်ပြမှု၊ သူ၏ကြိုးစားမှုတို့ကြောင့် ဧရာဝတီတိုင်း၊ ရွာသစ်ကျေးရွာတွင် ကိုယ်ပိုင်ဖုန်းပြင်ဆိုင်ဖွင့်၍ မိဘကိုရှာကျွေးနေပြီဖြစ်သည်။ ဝင်းအောင်အကြောင်းကို ကျွန်တော့် page ၏ ဓာတ်ကြီးလေးပါးခေါင်းစဉ်အောက်တွင် အနည်းကျဉ်း ဖော်ပြထားပြီးဖြစ်သည်။)
ထိုအန်တီပြောခဲ့သော ဆိုးသွမ်းနေသော လူဆိုးတစ်ယောက်ကို လိမ္မာအောင်ပြုပြင်ရမည့်အရေးမှာ လက်ရှိသင်တန်းနှင့် မသတ်ဆိုင်ပါ။ စာသင်ပြရင်း လိုအပ်သည်များကို ဆုံးမရခြင်းမှာ အကြောင်းမဟုတ်။
"""သီးသန့်ပြုပြင်ရေးစင်တာသို့ မသွားပဲ ဘာကြောင့်လဲ၊ ဪ ဝါသနာနှင့် ဝမ်းရေးပဲလေ၊ ဘယ်တတ်နိုင်မလဲ၊ ငါ့ရဲ့စေတနာပေါ့""" ဟုဆိုကာ မေးခွန်းတခြို့မေးရလေသည်။
"ဒါနဲ့ အန်တီက ဝင်းအောင်ကို ဘယ်လိုသိလဲ"
"ဪ ဟုတ်သားပဲ ကျွန်မပြောဖို့မေ့နေတာ ဆရာရေ၊ ကျွန်မမိတ်ဆွေတစ်ယောက်က ဆရာ့ဆီမှာ ဖုန်းပြင်နေကြလေ၊ သူကညွှန်လိုက်တာပါ၊ ဆရာ့မှာ တပည့်တွေရှိပြီး နမူနာအနေနဲ့ ဝင်းအောင်ဆိုတဲ့ကလေးဆို ကိုယ်ပိုင်ဆိုင်တောင်ဖြစ်သွားပြီ၊ မတတ်ရင် မပြင်နိုင်ဘူးလေဆရာ၊ ပြီးတော့ဆရာက အသင်ပြကောင်းတယ်၊ စာပဲသင်တာ မဟုတ်ပဲ လူ့ကျင့်ဝတ်ပါ မသိမသာသင်ပြပေးတယ် ပြောတာနဲ့ ကျွန်မအပြေးလေး အားကိုးမိပါတယ်"
ကျွန်တော့်ကို မြှောက်ပင့်ပြီး စကားလုံးများနှင့် ချုပ်လိုက်ပြီ။ ကျွန်တော် ဘာမှမတတ်နိုင်တော့ပါ။
"ဪ ဝါသနာ၊ ဝမ်းရေး၊ စေတနာ" ဟုသာ ရေရွတ်နေမိလေတော့သည်။
သင်တန်းသားလက်ခံလိုက်ပါသည်။
"အန်တီ မနက်ဖြန် (၁၀:၀၀)အတိကို ကျွန်တော့်ဆီ ကောင်လေးကို အရောက်လာခိုင်းလိုက်ပါ"
"ဟုတ်ကဲ့ပါ ဆရာ" ဟုပြောရင်းထွက်သွားသော အမျိုးသမီးကြီး၏ ကျောပြင်ကိုငေးကြည့်ရင်း ကျွန်တော်အတွေးစတခြို့ဖြင့် ကျန်နေခဲ့သည်။
သို့တပြိုင်နက် မိုးမင်းကြီးစေလွှတ်လိုက်သော မိုးရေစစ်သည်တော်များနှင့် ကျွန်တော်အလူးအလဲ စစ်ခင်းရလေဝောာ့သည်။
မနက်(၁၀:၀၀)အတိ၊ သင်တန်းသားမလာသေး၊ (၁၀:၁၇)တွင် ရောက်လာသည်။
"ဆရာ့ဆီမှာ ကျွန်တော့်အမေ ဖုန်းပြင်သင်တန်း လာအပ်ထားတာ ကျွန်တော့်အတွက်ပါ"
"ဪ......."
တတ်တူးအပြည့်၊ ဆံပင်အရောင်ဆိုးထားသည်မှာ နီကြောင်ကြောင်၊ အရပ်မြင့် အသားဖြူ ရုပ်ရည်ရှိလူငယ် နှာခေါင်းနှင့်နားတွင် အပေါက်များဖောက်၍ အလှဆင်ထားသည်။ အပေါင်းသင်းမှား၍ အသက်(၂၀)တွင် ထောင်ကျဖူးသည်။ သို့သော် စကားအပြောအဆိုမှာတော့ အလွန်ယဉ်ကျေးသည်။
"ဘာမှတော့မပါဘူးဆရာ၊ စာအုပ် ဘောပင်လိုရင်ဝယ်ဖို့အတွက် အမေပိုက်ဆံတော့ပေးလိုက်တယ်"
"ညီနာမည် ဘယ်လိုခေါ်လဲ"
"မိုးထက်ပါ ဆရာ"
"အကို့ကို သူများတွေဆရာခေါ်တိုင်း ဆရာ မခေါ်ပဲ အစ်ကိုလို့ခေါ်လည်းရတယ်နော်"
"ဆရာပဲခေါ်မယ်လေ"
"ဆရာဆိုလည်း ဆရာပေါ့"
"စာသင်ဖို့ ဘာတွေလုပ်ရမလဲဆရာ"
"အင်း.....မေးခွန်းကောင်းတယ်၊ ဒီနေ့အဖို့တော့ စကားပဲပြောကြမယ်၊ စာမသင်သေးဘူး၊ အစဉ်ပြေလား"
"ဟဟ၊ ကောင်းတာပေါ့ဗျာ"
"ဒါနဲ့ ညီက ဖုန်းပြင်တာ ဝါသနာကောပါရဲ့လား"
"အွန်း....ဘယ်လိုပြောရမလဲတောင် မသိပါဘူး၊ လောလောဆယ်တော့ လမ်းပျောက်နေတယ် ဆရာ"
ကျွန်တော်မနှစ်သက်သည့်အဖြေဖြစ်သည်။
"လက်ရှိဘာလုပ်နေလဲ၊ အချိန်ကော အားရဲ့လား"
"ဘာအလုပ်မှမရှိဘူး၊ အိပ်လိုက်စားလိုက်ပါပဲ"
"(၁၀:၀၀)အတိမရောက်ဘူးနော်၊ နောက်ကျသလားလို့"
"ရေချိုးကြာသွားလို့ပါ"
"ရပါတယ်"
"ညီနဲ့ ဆရာနဲ့ communication ကောင်းဖို့အတွက် ရင်းနှီးဖို့လိုတယ်၊ အရင်ထဲကသိခဲ့တဲ့ပုံစံ ဆက်ဆံရေးမျိုးရှိချင်တယ်၊ တစ်ယောက်ကိုတစ်ယောက် ဘာအထာလဲဆိုပြီး စိတ်ထဲမထားပဲ စကားပြောမယ်ဆို အစဉ်ပြေလား"
"ဟာပြေတာပေါ့၊ ကျွန်တော်လည်း ပွင့်"လင်း"ပဲ နေချင်တာ"
ဒါဆို
"ညီအခုနက မေးလိုက်တဲ့နောက်ဆုံး မေးခွန်းပြန်မေးပါလား"
"စာသင်ဖို့ ဘာတွေလုပ်ရမလဲဆရာ"
"ညီအခု ဒီကိုမလာခင် ဘာတွေလုပ်လာလဲ၊ အသေးစိတ်ပြောလို့ရမလား၊ "
"ဒီကိုမလာခင် အိပ်ယာထတယ်၊ အိမ်သာတတ်တယ်၊ သွားတိုက်မျက်နှာသစ်ရေချိုး မုန့်စား အဝတ်စားလဲပြီး လာခဲ့တာ"
"ပြောဖို့ကျန်ခဲ့တဲ့အလုပ်ကော မရှိဘူးလား"
"အင်း....ဆေးလိပ်သောက်သေးတယ်"
"တကယ်ဘာမှမကျန်တော့ဘူးပေါ့"
"အင်းးးးးးမကျန်တော့ဘူး၊ အကုန်ပဲ"
"အဲ့ဒါဆို အခုမပြောခဲ့တဲ့အလုပ်တွေက မလုပ်ထားတဲ့သဘောပေါ့"
"ကျွန်တော်သိပ်မရှင်းဘူး"
"ဒီလိုကွာ၊ ဥပမာ ညီပြောခဲ့တဲ့စကားထဲမှာ ထမင်းချက်တာမပါဘူး၊ ဒီတော့ထမင်းမချက်လာဘူးဆိုတဲ့ သဘောလား၊ ဥပမာပြောတာနော်"
"ဪ...ရှင်းပြီ ရှင်းပြီ၊ ဟုတ်တယ်ဆရာ၊ အခုပြောတာတွေပဲ လုပ်ခဲ့တာ၊ မပြောတာ မလုပ်ခဲ့တဲ့ဟာပဲ"
"အင်း၊ ကောင်းပါတယ်"
"ဘာဖြစ်လို့လဲ ဆရာ"
"ဒီတိုင်းမေးကြည့်တာပါ၊ နောက်တော့ပြောပြမှာပေါ့၊ လမ်းပျောက်နေတယ်ပြောတဲ့ ညီ့ရဲ့စကားကြောင့် ဒီမေးခွန်းတွေ မေးလိုက်ရတာ၊ ဘာလို့လမ်းပျောက်တာလဲ၊ လမ်းစကဘယ်မှာရှိမလဲဆိုတာ ကူရှာပေးမလို့လေ"
"ဆရာကမိုက်တယ်ဗျာ၊ ဆရာနဲ့အခုစကားပြောလိုက်တဲ့ ဆယ်မိနစ်လောက်က ထူးခြားတယ်သိလား"
"ဟဟ၊ ပျော်ရင်ပြီးတာပဲကွာ၊ စိတ်ပျော်နေမှ သင်ပေးသင်ယူအပြင် ဘာလုပ်လုပ်ထိရောက်တာလေ"
"ဟုတ်ဆရာ"
ထိုအချိန် customer ရောက်လာသည်။
"မနေ့ကစပီကာ မလာတဲ့ဖုန်း အပ်ထားတာ ရပြီလားမောင်လေး"
ဖောက်သည်ကို ပြုပြင်ပြီးသည့်ဖုန်းကို ပြင်ပြီးကြောင်းနှင့် အသစ်လဲထားကြောင်း၊ စပီကာအဟောင်းပြန်ပေးခြင်း၊ သီချင်းဖွင့်၍ စမ်းသပ်ပြခြင်း၊ ငွေပေးငွေယူကဏ္ဍများ ပြုလုပ်ခြင်းများ ပြီးသည်အထိ ကျွန်တော်တို့နှစ်ဦး စကားပြောခြင်း ခေတ္တရပ်ဆိုင်းသွားသည်။
စာရှည်မည်ဆိုးသောကြောင့် တတ်နိုင်သမျှ အကျဉ်းချုပ်၍ ရေးပါမည်။
ထိုနေ့က မိုးထက်နှင့်ကျွန်တော် စကားအတော်ပြောခဲ့ပြီး သင်တန်းဆင်းပေးလိုက်သည်။ နောက်တစ်နေ့ (၁၀:၀၅)မှ ရောက်လာသည်။ ဒီနေ့လည်း မနေ့ကလိုပင် ဖြစ်သည်။ စာမသင်ပဲ မေးခွန်းတစ်ခုကို ပြန်မေးသည်။
"မနက်က ဘာတွေလုပ်ခဲ့လဲ ညီ"
မနေ့ကအတိုင်းပင်၊ သိပ်မခြားနာပါ။ ကျွန်တော်စာမသင်ကြောင်း ပြောပြန်သည်။ မိုးထက် သိပ်ဘဝင်မကျ။
"ကျွန်တော် ဆရာ့ကို တစ်ခုလောက် မေးလို့ရမလား"
"အင်း မေးလေ"
"ကျွန်တော့်ကို ဘာလို့ မသင်ပေးတာလဲဆရာ၊ ကျွန်တော်ဒီကိုမလာခင် ဘာလုပ်လာရမလဲ၊ ဘာလုပ်လာရင် ဆရာကျွန်တော့်ကို စာသင်ပေးမလဲ"
"ဟဟ နောက်ဆုံးတော့ မေးပြီပေါ့ ဟုတ်လား၊ စာသင်ချင်နေတာလား ညီက"
"အင်း အဲ့လိုတော့မဟုတ်ဘူး၊ စာသင်ဖို့လာတယ်၊ ဖုန်းပြင်သင်မယ်ပေါ့၊ အကြောင်းတစ်ခုခုကြောင့် မသင်သေးဘူးဆိုတော့ ကျွန်တော်လည်း ပေါ့ပါးတယ်၊ ပြဿနာမရှိပေမယ့် ကျွန်တော့်ကိုဘာလို့မသင်သေးတာလဲ ဆိုတာကိုတော့ သိချင်လာတယ်"
"ညီပဲလမ်းပျောက်နေတယ်ဆို"
"ဟုတ်တယ်လေဆရာ ဘာလုပ်လို့ဘာကိုင်ရမလဲကိုမသိတာ၊ ပြီးတော့ဘော်ဒါတွေကို သင်တန်းတတ်နေပြီလို့ ကြွားထားတာ၊ ဒီကောင်တွေက ဘာတွေသင်လဲ၊ မင်းဘယ်လောက်တတ်ပြီလဲမေးတော့၊ ကျွန်တော်တိုင်ပတ်သွားတယ်"
"ညီ့ကို မှတ်ထားရမယ့်အချက် နည်းနည်းပြောချင်လို့ မသင်သေးတာ၊ အခုပြောပြမယ်နော်"
(၁)အချက် လူတစ်ယောက်က မနက်အိပ်ယာထပြီး ကိုယ်အိပ်ထားတဲ့ အိပ်ယာကိုတောင် ကိုယ်ပြန်မသိမ်းဘူးဆိုရင် အဲ့လိုလူက ကြီးကျယ်မြင့်မြတ်တဲ့အလုပ်တွေ၊ အောင်မြင်ကျော်ကြားတဲ့အလုပ်တွေကို ဆက်လုပ်ဖို့မဖြစ်နိုင်ဘူး၊ လေးလေးနက်နက်စဉ်းစားနော် ညီ။ လူတစ်ယောက်အတွက် အလုပ် တစ်နေ့တာအစကို အိပ်ယာထတဲ့အချိန်ကစပြီး တိုင်းတာမယ်ဆိုရင် အရင်ဆုံးအိပ်ယာသိမ်းရမယ့် အလုပ်ရှိတယ်။ ပြီးမှတစ်ခုချင်း ဆက်လာရင်း တစ်နေကုန်ဖြတ်သန်းမယ်၊ နောက်ဆုံးအိမ်ပြန်ရောက်မယ်၊ ပြန်အိပ်မယ်ပေါ့၊ အဲ့အချိန်မှာလည်း အိပ်ယာကိုတစ်စုံတစ်ယောက်က ခင်းပေးရတယ်ဆိုရင် အစနဲ့အဆုံးမှာ အသေးငယ်ဆုံးသော အလုပ်ကိုတောင် ညီ မလုပ်နိုင်ရင် ဘယ်မှာလဲ အောင်မြင်တဲ့၊ ခမ်းနားတဲ့အလုပ် ဆက်လုပ်ဖို့ဆိုတာ။ လမ်းပျောက်နေတယ်ဆိုတာ အိပ်ယာမသိမ်းတာက စတာပဲ"
"ဟုတ်ဆရာ၊ ဒီတစ်ချက်နဲ့တင် ကျွန်တော့်ရဲ့ လမ်းပျောက်နေတဲ့ ပြဿနာကို သတိထားမိပါပြီ"
(၂)အချက်ကို ဆက်ပြောမယ်နော်။ သင်တန်းတတ်နေပြီလို့ သူငယ်ချင်းတွေကိုပြောတယ်ဆိုတာ မှားနေပြီ။ မှတ်ထားညီ၊ ဘာပဲလုပ်လုပ် တိတ်ဆိတ်စွာ လုပ်ပါ၊ အောင်မြင်မှုက ပဲ့တင်ထပ်လာမယ်၊ ဘာမှမလုပ်ရသေးခင် သတင်းတွေလွှင့်တာ ကိုယ့်တတ်လမ်းကို ကိုယ်ပိတ်လိုက်တာနဲ့တူတူပဲ။
"ဟာ အဲ့တာတော့ သိပ်မှန်သွားပီ၊ မနေ့က တစ်ယောက်ကပြောတယ်၊ လုပ်မနေပါနဲ့ကွာတဲ့၊ ပြီးတော့အမျိုးမျိုးပြောတယ်ဗျာ၊ ကျွန်တော်လည်း မခံချင်စိတ်နဲ့ ဖြစ်အောင်လုပ်မယ်တွေးလိုက်၊ သူပြောတာလဲဟုတ်တာပဲတွေးလိုက်နဲ့ တော်တော်စိတ်ရှုပ်ရတယ်"
(၃)ဘယ်သူဘာပြောပြော ကိုယ်လုပ်ရမယ့်ကိစ္စကိုဆက်လုပ်ရမယ်လေ၊ ဒါပေမယ့်အဲ့လိုလုပ်နိုင်တဲ့ သူတွေထဲမှာ ညီမပါသေးဘူး၊
ဘာလို့လဲသိလား၊ ဘယ်သူဘာပြောပြော ကိုယ်လုပ်စရာရှိတာကို ဆက်လုပ်နေတဲ့သူတွေကိုကြည့်လိုက် ဘယ်သူမှမတိုက်တွန်းပဲ အသွေးအသားထဲကနေ အရမ်းလုပ်ချင်လို့ ကြိုးစားနေတဲ့သူတွေပဲ၊
သူတို့ကိုယ်တိုင်က လုပ်ချင်လွန်းလို့ ရွေးချယ်ထားတာမလို့ ဘယ်သူမှကိုကရုမစိုက်ပဲ ဆက်လုပ်နေတာ၊ အောင်မြင်တဲ့အထိပေါ့၊ ညီက အမေကတိုက်တွန်းလို့၊ ဆွေမျိုးတွေကတိုက်တွန်းလို့ လုပ်နေတာဆိုတော့ အခုလို တစ်ယောက်ယောက်က လှောင်ပြောင်လိုက်တာနဲ့ လုပ်နေတာရပ်သွားကော။
အဲ့တာကြောင့် ဘာပဲလုပ်လုပ် ဘယ်သူမှကိုအသိမပေးပဲ လုပ်ရတယ်။
"အဲ့ဒါဆို ဒီကပြန်ရင် ဒီကောင်တွေနဲ့ ဆုံမှာ၊ အဲ့အချိန် ငါသင်တန်းမတတ်တော့ဘူးပြောပြီး ကျွန်တော် ဘာလုပ်နေလဲဆိုတာ မပြောပြတော့ဘူး"
(၄)၁၅မိနစ်နောက်ကျမယ်ထင်ရင် ၁၅မိနစ်စောထ ညီ၊ ငါးမိနစ်နောက်ကျမယ်ဆိုရင် ငါးမိနစ်စောထ၊ အဓိကနောက်မကျဖို့ပဲ။
လူတိုင်း(၂၄)နာရီရနေတာချင်းအတူတူ သုံးစွဲပုံကွာသွားရင် တန်ဖိုးချင်းလည်း ကွာသွားတယ်။
ဆရာအမြဲ သင်တန်းပြနေမှာမဟုတ်ဘူး။ ဆရာ့မှာ ရည်မှန်းချက်ရှိတယ်၊ အဲ့ဒီ့ကို ရောက်ဖို့အတွက် ဆရာပိုင်တဲ့ (၂၄)နာရီကို ဝမ်းစာရှာတယ်၊ သင်တန်းပြပြီး knowledge sharing လုပ်တယ်၊ မသိတာတွေ လေ့လာတယ်၊ ပြီးတော့အဓိက က ဆရာသွားနေတဲ့ အောင်မြင်မှုဆီရောက်မယ့် ပညာရပ်ကို နေ့တိုင်းလေ့လာနေတာ၊ ဘာအလုပ်လဲ၊ ဘယ်လို အောင်မြင်မှုလဲ မမေးနဲ့နော်၊ အောင်မြင်မှုက ကျယ်လောင်စွာ ထွက်လာလိမ့်မယ်၊
ညီ့ကိုပြောချင်တာက ဆရာတောင်ဒီလောက်ကြိုးစာနေတာ လမ်းဘေးဆိုင်မှာပဲ ရှိနေတယ်လို့ တွေးလို့ရလို့၊ တချိန်က လမ်းဘေးမှာတောင် ဆိုင်မဖွင့်နိုင်ခဲ့လို့ သူများဆီမှာ ဝန်ထမ်းလုပ်နေရတာ၊
အခုတိုးတတ်မှုတစ်ခုက ကိုယ်ပိုင်ဆိုင်ညီ၊ ကိုယ်ပိုင်ဆိုင်၊
လမ်းဘေးမှာပဲဖွင့်ဖွင့်၊ မိုးမျှော်တိုက်မှာပဲဖြစ်ဖြစ် ဝန်ထမ်းဘဝကနေ ကိုယ်ပိုင်ဖြစ်လာတာ၊
ဒါက ပထမအောင်မြင်မှုပဲ၊ တစ်ဆင့်ချင်းတတ်ရတယ်။
"ကျွန်တော် သဘောပေါက်ပြီဆရာ၊ အမှားတွေလည်း မြင်ပြီ၊ လမ်းပျောက်နေတယ် ပြောမိတာတောင် ရှက်တယ်ဗျာ"
"ဟဟ ဒီနေ့တော့ ဒီလောက်ပါပဲကွာ"
ကျွန်တော်သည် ဒီဖြစ်ရပ်မှန်ဇာတ်လမ်းကို အရှည်တဝင့် မရေးတော့ပါ။ အဘယ်ကြောင့်ဆိုသော် ဆက်ရေးနေမည်ဆိုလျှင် ဝတ္ထုရှည်ဖြစ်သွားမည်။ အဓိက ကျွန်တော်ကြုံခဲ့ရသော အတွေ့အကြုံတစ်ခုကို ဖော်ပြလိုခြင်းသာ ဖြစ်သောကြောင့် ဤတွင်ဇာတ်လမ်းကို အဆုံးသတ်ပါမည်။
နောက်ဆုံး မိုးထက်တစ်ယောက် မင်္ဂလာတောင်ညွန့်မြို့နယ် ယုဇနပလာဇာရှိ Mobile Hardware Service Center တစ်ခုတွင် ဝန်ထမ်းပြုလုပ်၍ ပျောက်နေသောလမ်းကိုရှာဖွေ တွေ့ရှိသွားပါသည်။ ယခုတွင်မူ သူ၏ဇာတိမြို့တွင် ကိုယ်ပိုင်ဖုန်းပြင်ဆိုင်ဖွင့်၍ အမေအိုကြီးကို ရှာဖွေကျွေးမွေးနေသည်ဟု သိရသည်။
ကျွန်တော်ရေးခဲ့သော ခေါင်းစဉ်အတိုင်း
အခုတော့ သူပျော်နေသည်။
စာပေချစ်သူတို့အား အစဉ်လေးစားပါသည်။
#မောင်ရှိန်း
21.06.2025



