မေးခွန်းတစ်ခု အဖြေဆယ်ခု


 မေးခွန်းတစ်ခု အဖြေဆယ်ခု

••••••••••••••••••••••••••••••••••••

(၂၀၁၈)ခုနှစ်၊ လွန်ခဲ့သော (၇)နှစ်က ဖြစ်သည်။ 


တောင်ဒဂုံစက်မှုဇုန် (၃)ထဲတွင် ယန္တယားစက်ကြီးများနှင့် ဆက်စပ်သောအပိုပစ္စည်းများရောင်းသော သူဌေးကြီးတစ်ဦးရှိသည်။ အမည်မှာ ဦးဟန်ဖြစ်သည်။ ကျွန်တော်၏ မိတ်ဆွေဟုပြော၍လည်းရသည်။ မိတ်ဆွေဟုဆိုသော်လည်း ဦးဟန်၏အသက်မှာ (၇၀)ဝန်းကျင်ဖြစ်၍ ကျွန်တော်၏အသက်မှာ ထိုအချိန်က (၂၄)နှစ်သာရှိသေးသည်။


ဦးဟန်နှင့် ကျွန်တော် ရင်းနှီးခဲ့ပုံမှာ အလွန်ရိုးရှင်းသည်။ ထောက်ကြန့်(က.ည.န) အနီးရှိ လဖ္ဘက်ရည်ဆိုင်တစ်ခုတွင် ကျွန်တော်နှင့် ရွှေပေါက်ကံမှ သူငယ်ချင်းအခြို့ စကားအခြေအတင်ဖြစ်နေသည်။ ‌ကျွန်တော်တို့နှင့် မနီးမဝေးစားပွဲတစ်ခုတွင် ထိုင်နေသောသူမှာ ဦးဟန်ဖြစ်သည်။ ဆိုင်တွင်လူရှင်းနေသည်။ စားပွဲဝိုင်း ငါးဝိုင်းမျှသာ စားသုံးသူများရှိသည်။ သို့သော် ကျွန်တော်တို့နှင့်ဝေးပြီး အနီးဆုံးဝိုင်းမှာ ဦးဟန်ရှိသည့် ဝိုင်းဖြစ်သည်။ 


ထိုအချိန်က ကျွန်တော်၏အလုပ်မှာ ယာဉ်ကြီး/ငယ် လိုင်စင်သက်တန်းတိုး၊ ယာဉ်သစ်မှတ်ပုံတင်ခြင်း၊ အရေကြို၊ ယာဉ်မောင်းလိုင်စင်၊ စလစ်၊ ပါမစ်၊ အမည်ပြောင်း၊ အခွန်ဆောင်၊ လုပ်ငန်းလိုင်စင် စသော ကားနှင့်ပတ်သတ်ရသော လိုင်စင်လုပ်ငန်းတွင် လစာနည်းနည်းဖြင့် လုပ်ကိုင်နေသော အလွတ်တန်းဝန်ထမ်း တစ်ဦးဖြစ်သည်။ ကျွန်တော်၏အကျင့်တစ်ခုမှာ ကျွန်တော့်ကို အထောက်အထားမခိုင်လုံသော အကြောင်းအရာများ ပြောလာလျှင် ခိုင်လုံမှုမရှိကြောင်းနှင့် ဆန့်ကျင်ဘက်ဖြစ်သော အကြောင်းအရာကို ခိုင်ခိုင်လုံလုံ တင်ပြတတ်သည်။ ယခုဖြစ်နေသောကိစ္စမှာ ကားကို မဖြစ်နိုင်သော လမ်းကြောင်းဖြင့် မှတ်ပုံတင်မည်ဟု ပြောနေသောသူအား ကျွန်တော်က အခြေအတင် ပြန်လည်ဆွေးနွေးနေခြင်းဖြစ်သည်။ 


ထိုအချိန်က စလစ်တွေ အလွန်ဈေးကောင်းနေသည်။ တစ်ဖက်လူသည် စလစ်လိုချင်သည်။ လက်ရှိကားကို စလစ်ရအောင်ပြုလုပ်မည်၊ သို့သော်တရားမဝင်သည့်အပြင် ငွေအတော်လိုက်ရမည်။ ရလာသောစလစ်ဖြင့် ကားအသစ်သွင်းမည်။ ကျွန်တော်ပြောနေသည်မှာ တရားဝင်လည်းဖြစ်မည်၊ စလစ်လည်းရမည်၊ ကားအသစ်လည်း သွင်း၍ရမည်၊ ကုန်ကျစရိတ်သည် သူ၏ (၄)ပုံ တစ်ပုံသာ ကျသင့်မည်။ ကျွန်တော်ရေးလိုသော အကြောင်းအရာနှင့် မသတ်ဆိုင်သောကြောင့် အရှည်တဝင့် မဖော်ပြတော့ပါ။ ကျွန်တော်၏ အထောက်အထားပေးမှုများနှင့် ရှင်းလင်းတင်ပြမှု‌တို့ကြောင့် စလစ်ကိစ္စ အစဉ်ပြေသွားသည်။  မည်သို့ပင်ဆိုစေကာမူ ဦးဟန်စိတ်ဝင်စားနေခဲ့သည်။ ဦးဟန်နား‌ထောင်နေသည်ကို ကျွန်တော်တို့မသိ။ 


ထိုအချိန် ဦးဟန်သည် သူ၏ဝိုင်းမှ ကျွန်တော်ရှိရာသို့လာကာ နှုတ်ဆက်သည်။

"မင်္ဂလာပါ သားရေ" ထိုစကားကြောင့် ရုတ်တရက် ကျွန်တော် တွေဝေ သွားခဲ့သည်။ အကြောင်းကား ဒီခေတ်ကြီးမှာ လူတိုင်းထိုသို့မနှုတ်ဆက်တော့ပါ။ အသိပြန်ဝင်လာ၍ 


"ဪ၊ ဟုတ်ကဲ့ မင်္ဂလာပါ ဦးလေး"


"ဦးနာမည်က ဦးဟန်ပါ၊ သားနာမည် ဘယ်လိုခေါ်လဲ"


"ဟုတ်ကဲ့ ကျွန်တော့်ကို ရှိန်းလို့ပဲ ခေါ်ပါဦးလေး၊ ဒါနဲ့ ဘာကူညီပေးရမလဲ"


"သားက စကားကြွယ်တယ်နော်၊ ဦးကဒီတိုင်း လာနှုတ်ဆက်တာပါ"


"ဗျာ၊ အဲ့လိုချီးမွန်းခံရတော့ တစ်မျိုးကြီးပဲဗျာ၊ ဒါနဲ့ ဦးလိုအပ်ရင် ကားလိုင်စင်နဲ့ ပတ်သတ်တဲ့ အလုပ်ရှိရင် ကျွန်တော့်ကို အပ်လို့ရတယ်နော်"


"ဪ အေ အေ အခုတော့ မလိုသေးပါဘူးကွယ်၊ ဒီမှာ ဦးရဲ့ လိပ်စာကဒ်၊ ဘောပင်နဲ့ဝိုင်းထားတာ ဦးကိုတိုက်ရိုက်ဆက်လို့ရမယ့် နံပါတ်ပဲ၊ သားအားတဲ့ ပိတ်ရက်တစ်ခု ဦးဆက်သွယ်ချင်တယ်၊ ဦးရဲ့ ကားတစ်စီးနဲ့ပတ်သတ်ပြီး လုပ်စရာရှိတယ်၊ အသေးစိတ်ကတော့ အလုပ်အပ်တဲ့အခါ အေးဆေးပြောကြတာပေါ့နော်"


"ဟုတ်ကဲ့၊ ကျွန်တော့်ဖုန်းနံပါတ်က 09453377***"


"အေ အေ ရပီ မောင်ရှိန်းရေ၊ ဦးကိုသွားခွင့်ပြုပါဦး"


"ဟုတ်ကဲ့၊ ကျေးဇူးပါ" ထိုမျှသာဖြစ်သည်။


ဦးဟန်အကြောင်းရှင်းပြပြီးသည် ဖြစ်သည့်အတွက် ကျန်အကြောင်းအရာများ ပြောရလျှင် "မေးခွန်းတစ်ခု၊ အဖြေဆယ်ခု" ခေါင်းစဉ်နှင့် လွဲသွားမည် ဖြစ်သောကြောင့် ခေါင်းစဉ်နှင့်ပတ်သတ်သည်ကို ဆက်ပြောလိုပါ၏။


ဦးဟန်နှင့် အလွန်ရင်းနှီးသွားသည်။ ထိုမျှမက သူ၏မိသားစုဝင်များနှင့်လည်း အလွန်ရင်းနှီးခဲ့သည်။ တစ်ရက် ကျွန်တော်သည် အလုပ်ကိစ္စတစ်ခုကြောင့် ဦးဟန်နေထိုင်ရာ RC သို့သွားခဲ့သည်။ အိမ်အဝင်တွင် ဦးဟန်၏သမီးဖြစ်သူ မဇာခြည်ဝင်း (တစ်နည်း) မဇာ အသက်အားဖြင့် (၄၀)ဝန်းကျင်နှင့် သူမ၏သားဖြစ်သူ အသက်(၁၉)နှစ်အရွယ်ရှိ ကောင်လေးတို့ စကားများနေကြသည်။ 


ကျွန်တော်ရောက်သောအခါ မဇာသည်

"ရှိန်း၊ ရောက်လာပြီလား"


"ဟုတ် ဦးဟန်ရှိလား ခင်ဗျ"


"အဖေ မရှိဘူး ရှိန်းရေ၊ ခဏတော့စောင့်ရမယ်၊ ရှိန်းလာမယ်လို့တော့ မှာထားခဲ့တယ်"


ကျွန်တော် ထိုင်စောင့်နေခဲ့သည်။ ထိုအချိန် မဇာမှ "ရှိန်း အသက်အခုဘယ်လောက်ရှိပြီလဲ"


"(၂၄) ပါ" သူ့သားဘက်သို့လှည့်၍


"ဟဲ့ ကြားလား၊ နင်နဲ့ ရှိန်းနဲ့ မတိမ်းမယိမ်းပဲ"


ကျွန်တော်သည် ဘာမှန်းမသိ နားထောင်နေရသည်။ 

"ရှိန်း၊ မဇာရှင်းပြမယ်၊ ငါ့သားလေ မအေစီက စီးပွားရေးလုပ်မယ်ဆိုပြီး ငွေတောင်းနေတာ၊ ဘာမှလည်း မတတ်၊ အိမ်ကစီးပွားရေးတွေမှာလည်း ဝင်ပြီး မလေ့လာ၊ မဇာဘယ်လို ပိုက်ဆံထုတ်ပေးမလဲ၊ လိမ်ခံရရင် ဘယ်နှယ့်လုပ်မလဲ၊ ကိုယ့်ညီလို့ သဘောထားပြီး ဝိုင်းပြောပေးပါဦးကွယ်၊ ငါလည်း စိတ်ညစ်ရတယ် တစ်ကယ်ပါ"


မဇာ၏ သားဖြစ်သူက ဝင်ပြောသည်

"ကိုရှိန်း၊ အမေက ကျွန်တော့်ကို မေးတယ်ဗျာ၊ စီးပွားရေးလုပ်ဖို့ အဓိက,က ဘာလဲတဲ့"


"အင်း"


"ကျွန်တော်က အရင်းအနှီးလို့ပြောတော့ အမေက ဖောက်သည် (Customer)တဲ့၊ အကို့အနေနဲ့ဆို ဘယ်သူမှန်တယ် ထင်လဲ"


အမှန်ဆို ကျွန်တော့်လို နေ့စားဝန်ထမ်းတစ်ယောက်အနေဖြင့် ဦးဟန်တို့လို့ ချမ်းသာသော ပုဂ္ဂိုလ်တို့၏ အသိုင်းအဝိုင်းတွင် ခေတ်စကားဖြင့်ပြောရမည်ဆိုလျှင် ဘာကောင်မှ မဟုတ်ပါ။ ထိုသို့မေးခံရသည်မှာ ကျွန်တော့်အတွက် အလွန်တရာ ဖြေရခက်သည်။ ထို့အပြင် ချိုးနှိမ်ပြောရမည်ဆိုလျှင် ကျွန်တော်သည် ကိုယ့်အဆင့်ကိုယ်သိသည်။ ဝင်မပါလိုပါ။ ဒါကြောင့်

"ဟာ၊ အဲ့လိုကြီးတော့ မမေးနဲ့လေဗျာ၊ ကျွန်တော်က ဘယ်လိုဖြေရမှာလဲ"


ထိုအချိန် ဦးဟန်ရောက်လာသည်။

"မောင်ရှိန်း၊ ရောက်နေတာကြာပြီလား သား"


"ခုနလေးတင်ရောက်နေတာပါ ဦး"


"အေ အေ၊ အိမ်မှာတော့ ကြားတဲ့အတိုင်းပဲကွာ"


အင် မလုပ် အန် မလုပ် ကျွန်တော်ပြုံးပြ၍သာ တတ်နိုင်ခဲ့သည်။ ဦးဟန်မှ ဆက်၍ပြောသည်မှာ

"မောင်ရှိန်း"


"ဗျာ"


"တစ်ခုခုဝင်ပြောလေကွာ"


"ဘာပြောရမလဲ ဦးလေး"


"သား ကျန်တာ ခဏမေ့ထား၊ ငါ့သမီးရယ်၊ မြေးရယ်၊ သားရယ် သုံးယောက်က သူငယ်ချင်း၊ ဒါမှမဟုတ် မိသားစုလို့ပဲ သဘောထားပြီးပဲ ပြောကွာ"


"ဟုတ်" ပြောရတော့မည်။ ကျွန်တော်သည် စကားပြောရသည်ကို လွန်စွာနှစ်သက်သည်။ သို့သော် ဥပမာနှင့်ယှဉ်ပြောရခြင်းကို ပို၍ အသုံးပြုဖြစ်သည်။ မတတ်နိုင်ပါ။ ဝင်ပြောခဲ့ပါသည်။


"ဟိုလေ၊ ကျွန်တော့်အမြင်ပေါ့နော်၊ ညီရော၊ မဇာကော မေးလို့ပါ၊ ဘယ်သူမှန်လဲဆိုတာကို ကျွန်တော်ဖြေဖို့ မလိုပါဘူး၊ ကျွန်တော်ကပဲ မေးကြည့်မယ်လေနော်၊ အားလုံးဖြေကြတာပေါ့"


"ကဲ လုပ်စမ်း မောင်ရှိန်းရေ"


"ဟုတ်၊ ကျွန်တော်မေးချင်တာက၊ ဟင်းချက်ပြီးရင် ဘာဖြစ်လဲ"


"ဟဲ့ ကောင်လေး၊ အခုပြောနေတာက"


"ဟုတ်ပါတယ် မဇာ၊ ခဏပဲ အချိန်ပေးပါ"


ဦးဟန်က "ဟဟ ဟင်းချက်ပြီးရင် ဟင်းကျက်သွားတာပေါ့ကွာ" 


ကျွန်တော်က "မွှေးလာတယ်"


မဇာနှင့်သူမ၏သားက စဉ်းစားနေသည်။

မဇာက "အိုးပူ၊ ဟင်းပူသွားတာပေါ့"


ကောင်လေးက "အငွေ့တွေထွက်လာတယ် ကိုရှိန်း"


အမှတ်မထင် TVကို အဝတ်ဖြင့်သုတ်နေသော အိမ်အကူကောင်မလေးသည် ဗိုက်ဆာနေဟန်ရှိသည်။

"အနံ့လေးမွှေးလာပြီဆိုတာနဲ့ ဗိုက်ကဆာလာကောပဲ"


သည်တွင်တစ်ခန်းရပ်သည်။ ကျွန်တော်ဆိုလိုသည်ကို ဦးဟန်သည် သဘောပေါက်သည်။ ကျန်မိသားစာဝင်များကို ကျွန်တော်ရှင်းပြသည်။ 


"မေးခွန်းက တစ်ခုထဲပါဗျာ၊ ဒါပေမယ့် အဖြေတွေအများကြီးပဲ၊ အကုန်လုံးကလည်း မှန်တယ်လေ" ဆိုတော့ မဇာက မကျေနပ်နိုင်။ 


"ဟင်းကိစ္စမို့လို့ပါ ရှိန်းရယ်" ဆိုတော့ ကျွန်တော် ဆက်ပြောရပြန်သည်။ ဒါဆို မေးခွန်းပြောင်းမလား


"ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ ဘာလိုအပ်လဲ"

ကောင်လေးထအော် "အရင်းနှီး၊ ပိုက်ဆံ၊ ငွေပဲ ကိုရှိန်းရေ"

မဇာက "ဖောက်သည်ပေါ့"

ဦးဟန်က "ကျွမ်းကျင်မှု"

ကျွန်တော်က "လုပ်ချင်တဲ့စိတ်"


ဒီတွင် ခဏတာ စဉ်းစားသွားကြသည်။

ပြီးမှ ပြုံးစိစိဖြစ်လာကြသည်။ ကျွန်တော်ဆက်ပြောခဲ့သည်။


"အမှန်ဆိုရင်လေ ကျွန်တော်တို့ ငယ်ငယ်က ကျောင်းမှာ သင်ခဲ့ရသလို (၁+၁=၂)ဆိုပြီး အဖြေတစ်ခုထဲ ထွက်ရမယ်၊ မထွက်ရင် မှားတယ်၊ ဆိုပြီး လက်တွေ့မှာတော့ အသုံးမချသင့်ဘူးလို့ ကျွန်တော်ဉာဏ်ရည်မှီသလောက်တော့ တွေးမိတာပေါ့နော်၊ ဘဝက သ‌င်္ချာလောက်မရိုးရှင်းတာ မဇာတို့ ကျွန်တော့်ထက် ပိုသိပါတယ်ဗျာ၊ မေးခွန်းတစ်ခုအတွက် အဖြေတစ်ခုပဲ ထွက်ရမယ်ဆိုတာကိုတော့ ကျွန်တော့်အနေနဲ့ လက်မခံဘူး၊ လက်မခံတာကလည်း အဖြေတွေက အများကြီးပဲလေ၊ ဖြစ်နိုင်တဲ့အဖြေ မဟုတ်ဘူးနော်၊ တိကျတဲ့အဖြေ၊ အပေါ်မှာရှင်းရှင်းလေပဲလေ၊ ဟင်းချက်ပြီးရင် မွှေးတယ်ဆိုတာ ငြင်းစရာမှမရှိတာ၊ အိုးကလည်းပူတာမှ ထိလို့တောင်မရ၊ ချက်မှတော့ ကျက်ပြီပေါ့၊ ဒါလည်းမှန်တယ်လေ၊ ဘယ်သူ့အဖြေမှ မမှားတာကို ကျွန်တော်ကတော့ မငြင်းချင်ဘူး။"


"နောက်မေးခွန်းတစ်ခုဖြစ်တဲ့ စီးပွားရေးမှာလည်း အရင်းနှီးမရှိရင် ဘာနဲ့ဝယ်မလဲ၊ ကပ်သတ်ပြီးပြောရင်တော့ အကြွေးယူမယ်၊ ချည်းမယ်ငှားမယ်ပေါ့၊ ဒါပေမယ့် အရင်းနှီးကတော့ လိုတာပဲလေ၊ ဒီလိုပဲ ကျွမ်းကျင်မှု မရှိရင်တော့ ခြောက်လဆို ဆိုင်ပြုတ်ပြီ၊ ပြီးတော့ လုပ်ချင်တဲ့စိတ်မရှိပြန်ရင်လည်း သိန်းတစ်ရာမဟုတ်ဘူး၊ သိန်းတစ်ထောင်ပေးလည်း ဘာမှဖြစ်လာမှာမှ မဟုတ်ပဲ၊ ဟုတ်တယ်မလား၊ ကျွန်တော်က မောင်သိ မောင်တတ်လုပ်တာ မဟုတ်ဘူးနော်၊ ကျွန်တော့်ဉာဏ်ရည်မှီသလောက်လေး တွေးကြည့်တာပါ" ဆိုတော့ 


ဦးဟန်မှစ ကောင်လေးအဆုံး သဘောကျဟန်ရှိသည်။ 

"အေးလေ၊ ရှိန်းပြောသလို ကျောင်းမှာလို လက်တွေ့ဘဝကြီးက (၁+၁=၂)မှ မဟုတ်တာ၊ မှန်ပါတယ်" ဆိုကာ ထိုကိစ္စဖြေရှင်းရန် အနည်းငယ်တော့ အစဉ်ပြေသွားခဲ့သည်။


နောက်ခြောက်လ‌ကျော်၊ တစ်နှစ်နီးပါးကြာပြီးနောက် ကောင်လေးအရင်းနှီးရသွားတယ်ဟု ဆိုရမည်။ အသေးစိတ်ကိုတော့ ကျွန်တော်မပြောတော့ပါ။ အရင်းနှီးမရခင် လုပ်ရသော ကိစ္စနှင့် ကျွန်တော်၏ကြိုးပမ်းမှု၊ ကောင်လေး၏ ကြိုးစားမှုတို့သည် ကြားကာလတစ်ခုတွင် အဖြစ်ပျက်များစွာ ရှိခဲ့သည်။ လက်ရှိခေါင်းစဉ်နှင့် မသက်ဆိုင်သောကြောင့် စာဖတ်သူတို့အား အကျယ်တဝင့် ‌မဖော်ပြတော့ပါ။


လက်တွေ့ဘဝတွင် ကိစ္စတိုင်းကို ငါမှန်တယ်၊ သူမှားတယ်ဟု ရန်ဖြစ်ပြီးအငြင်းပွားရန် မလိုပါ။ 

သူ့ဘက်က ကြည့်လျှင် (6)၊ 

ကျွန်တော့်ဘက်က ကြည့်လျှင် (9)၊ 

နှစ်ဦးလုံးမှန်ပါသည်။ 


ကော်ဖီသည် ခါးသည်

ကော်ဖီသည် အိပ်ချင်ပြေသည်

ကော်ဖီသည် စာဖတ်၍ကောင်းသည်

ကော်ဖီသည် နှလုံးတုန်စေသည်

ကော်ဖီသည် မကောင်း

ကော်ဖီသည် မွှေးသည်


အမျိုးမျိုးမဖြစ်နိုင်ဘူးလား မိတ်ဆွေ။ အဖြေတစ်ခုသာ အမှန်ဖြစ်သည်ဟု အဘယ်ကြောင့် ငြင်းခုန်နေကြမည်နည်း။


ထို့ကြောင့် "မေးခွန်းတစ်ခု၊ အဖြေဆယ်ခု" ဟုခေါင်းစဉ်ဖြင့် ကျွန်တော်ရေးခဲ့ခြင်းဖြစ်သည်။


စာ‌ပေမိတ်ဆွေများကို အစဉ်လေးစားလျက်•••••


#မောင်ရှိန်း

23.05.2025