➡️အရှုံးပေး၍ ➡️အနိုင်ယူသည် ⬛စကားလုံးများတွင် စွမ်းအားရှိသည်


 ➡️အရှုံးပေး၍ ➡️အနိုင်ယူသည်••••••••••••

⬛စကားလုံးများတွင် စွမ်းအားရှိသည်••••

••••••••••••••••••••••••••••••••••••••••••••••


(၂၀၂၂)ခုနှစ်၊ လွန်ခဲ့သော (၃)နှစ်က တိုက်ကြီးမြို့တွင် ဖြစ်သည်။


ထိုအချိန်က ကျွန်တော်သည် Hijet အမိုးကိုင်းပါသော ကားတစ်စီးကို လပေးငှား၍ ရန်ကုန်အပါအဝင်၊ ရန်ကုန်နှင့် နေ့ချင်းပြန်၍ရသော မြို့များသို့ အိမ်သာခွက်နှင့် ကြွေပြားများအား သန့်စင်ပေးသော  ချေး(ဂျီး)ချွတ်ဆေးများကို ဝန်ထမ်းလူငယ်တစ်ယောက်နေ့စားငှားရမ်းကာ လိုက်လံရောင်းချခဲ့သည်။


ညနေအချိန်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ နှင်းဆီကုန်းရပ်ကွက်ရှိ အကိုဝမ်းကွဲထံသို့ သွားရောက်ကာ ဆေးဘူးများနှင့် ဆေးမှုန့်များကို ငွေလက်ငင်းပေးချေ၍ ဝယ်ရသည်။


ဝယ်ပြီးသော ပစ္စည်းများကို ကျွန်တော်ငှားထားသော ကားပေါ်သို့ အစီအရီတင်ကာ ကျွန်တော်နေထိုင်သော တာမွေမြို့နယ်သို့ ပြန်လာသည်။ ကားကို ဆီ၊ ရေ၊ လေ၊ ဝိုင် စစ်ဆေးသည်။ 

ရေဆေးသည်။ ပစ္စည်းများကို သေချာစွာ ထုတ်ပိုး၍ ညသိပ်သည်။ မနက်စောစော လေးနာရီတိတိတွင် အိပ်ယာမှထကာ ရေချိုးအဝတ်စားလဲ ကားကို ခရီးမထွက်မှီ ‌ဒုတိယအကြိမ်  ဆီ၊ ရေ၊ လေ၊ ဝိုင် ပြန်စစ်ဆေးပြီး ငါးနာရီအတိတွင် ကားစထွက်သည်။ ဝန်ထမ်းကောင်လေးကို သူ၏နေအိမ် ကျောက်မြောင်းထဲတွင် တိုက်‌အောက်အရောက်ဝင်ခေါ်သည်။  ရန်ကုန်မြို့၏ တိုက်တာအဆောက်အအုံများမည်သည် ဝရန်တာများရှိသောကြောင့် သားငယ်ကိုထွက်ကြည့်နေသော သူ၏မိခင်ဖြစ်သူအား ကျွန်တော်ခေါ်သွားပြီဖြစ်ကြောင်းနှင့် နှုတ်ဆက်ပါကြောင်း တိုက်အောက်မှလက်ပြနှုတ်ဆက်သည်။ ထို့နောက် ကျွန်တော်တို့နှစ်ဦးအဖို့ ယနေ့ခရီး‌စဉ်သည် တိုက်ကြီးဖြစ်လင့်ကစား ပြည်လမ်းမှ ထောက်ကြန့်လမ်းဆုံ၊ ထိုမှတစ်ဆင့် မှော်ဘီကိုဖြတ်၍၊ တိုက်ကြီးသို့ အဆင့်ဆင့်မောင်းသွားမည်ဖြစ်သည်။ မနက်စာဝင်စားသည်။ တိုက်ကြီးသို့ဆက်သွားသည်။ တိုက်ကြီးသို့ရောက်ပြီ။ ဈေးရောင်းသည်။


ဈေးရောင်းသည့် ပုံစံမှာ ကောင်လေးသည် ကားအနောက်ခန်းတွင် ထိုင်နေသည်။ ရောင်းလိုသည့် ဆေးဘူးများကို အစီအရီထားသည်။ ပါဆယ်ထုတ်ပေးရန် (၆×၁၄) အိတ်များ ချိတ်ဆွဲထားသည်။ ကျွန်‌တော်သည် ကား၏ဘီးများကို တလှိမ့်ခြင်းလှိမ့်နေသည်။ ကျွန်တော်၏ ခေါင်းအပေါ်ရှိ ကားအမိုးပေါ်တွင် အသံချဲ့စက် အသေးစားကို အသံသွင်း၍ ဖွင့်ထားသည်။ တစ်လမ်းဝင်တစ်လမ်းထွက် လိုက်ရောင်းသည်။


ထိုနေ့က မနက်ပိုင်းတွင် ဈေးဦးပင်မပေါက်၊ ထမင်းစားချိန်သို့ ရောက်လာသည့်အခါ ဆေးနှစ်ဘူးသာ ရောင်းရသည်။ ကျွန်တော်အနည်းငယ် ‌စဉ်းစားရသည်။ အဘယ်ကြောင့်ဆိုသော် တစ်နေ့တာ ဆီဖိုးနှစ်သောင်း၊ ဝန်ထမ်းခ တစ်သောင်းနှင့် မနက်စာ၊ နေ့လည်စာနှင့် လဖ္ဘက်ရည်ဖိုး နှစ်ယောက်စာ၊ ကားအငှားစရိတ်၊ ကျွန်တော့်အိမ်ဈေးဖိုး၊ ထိုကဲ့သို့ ကုန်ကျစရိတ်များရှိနေသည်မှာ အမှန်မဟုတ်ပါသလော။ အနည်းဆုံး ဆေးဘူး(၃၀)မျှ မရောင်းရလျှင် ယနေ့ရှုံးမည်။


ထိုနေ့မနက်က တိုက်ကြီးအဝင်တွင်၊ ယာဉ်ထိန်းရဲများ၏ စစ်ဆေးမှုခံရပြီး၊ ငွေကျပ်နှစ်သောင်း ပေးဆောင်ခဲ့ရသေးသည်။ ကျွန်တော်၏ကားသည် လုပ်ငန်းလိုင်စင်မပါ၊ နံပါတ်ပြားအနက်ဖြစ်သည်။ ကျွန်တော်၏ယာဉ်မောင်းလိုင်စင်သည်လည်း အနက်ဖြစ်သည်။ ထို့ကြောင့်ပြဿနာအလျင်းမရှိပါ။ သို့သော်တာဝန်ရှိသူများက ကားပေါ်တွင် ကုန်တင်ထားသောကြောင့် လုပ်ငန်းလိုင်စင်လိုကြောင်း ပြောကြသည်။ ကျွန်တော်သည် ဆေးဘူးအနည်းငယ်သာ တင်ထားသောကြောင့် လုပ်ငန်းဟုပြောရလောက်အောင် မကြီးကျယ်ကြောင်း၊ တစ်ရက်ရောင်းမှ တစ်ရက်စာ ဝင်ငွေရှိကြောင်းနှင့် ကုမ္ပဏီတစ်ခုခု၏ အရောင်းဝန်ထမ်းများမဟုတ်ပဲ တစ်နိုင်တစ်ပိုင် ရောင်းချနေကြောင်းရှင်းပြခဲ့သည်။ တာဝန်ရှိသူများက ကျွန်တော်၏ စကားပြောပုံနှင့် ရှင်းပြပုံများကို သဘောကျဟန်တူသည်။ သိမ်းထားသော လိုင်စင်ကို ရုံးတွင်မဆောင်ပဲ ဤနေရာတွင်သာ ဒဏ်ငွေပေးဆောင်ရန်နှင့် ရုံးတွင်ပေးဆောင်ရမည့် ငွေ‌ လေးသောင်းအစား နှစ်သောင်းနှင့်သာ သက်ညှာပေးမည်ဟု ဆိုလာသည်။ ကျွန်တော်လည်း ကောင်းဖို့ဖြစ်လာသည်ဟူသော ကျွန်တော်၏ ချစ်လှစွာသော မဟေသီ ချစ်ဇနီး၏ ချစ်စကားများကို ပြန်လည်ကြားယောင်နေမိ၍တစ်မျိုး၊ ကျွန်တော်၏တစ်နေ့တာ အသုံးစရိတ်လည်းဖြစ်သော ငွေနှစ်သောင်းသာဖြစ်ကြောင်းကိုလည်း ပြန်လည်စဉ်းစားနေမိ၍တဖုံ မသက်သာသည့်အဆုံး တာဝန်ရှိသူများထံသို့ ဒဏ်ငွေအဖြစ် ပေးဆောင်ခဲ့ရသည်။


ထိုနေ့မျိုးတွင်မှ ဈေးကလည်းမရောင်းရသေးသဖြင့် ပူပြင်းလှသည့် နွေရာသီ အပူချိန်ကို အံတုရင်း  အလွန်ပင် ပင်ပန်းနွမ်းနယ်လာသလို ရှိလာသည်။ သို့သော် ကျွန်တော်သည် စိတ်ခွန်အားဖြင့် အလုပ်လုပ်သည့်အတွက်ကြောင့် ကျရှုံးမှုဆိုသောအရာ တော်တော်များများသည် ကျွန်တော်နှင့် တိုက်ခိုက်သည့်အခါ သူတို့ပြေးကြရသည်။ ဟုတ်သည်။  ကျရှုံးလာပါက အမြဲပင် ကျွန်တော်သည် စိတ်ခွန်အားဖြင့် အမြဲရှေ့ဆက်သည်။ 

➡️ကျရှုံးမှုများမှ နောင်တ,မယူ။ 

➡️ပညာကိုသာ ယူလိုက်သည်။

""ငါလုပ်နိုင်ရမယ်၊ ငါကျရှုံးလို့မရဘူး၊ ငါအခုလုပ်နေတာ ငါတစ်ယောက်ထဲအတွက်ပဲ မဟုတ်ဘူး၊ ငါ့ကိုမှီခိုနေတဲ့ ငါ့ကိုယ်ပိုင်မိသားစုလေးအတွက်၊ ငါ့မိဘတွေအတွက်၊ ငါ့ရဲ့ နောင်လာနောင်သား သားစဉ်မြေးဆက်အတွက်၊ ငါ့အနားက နေ့စားဝန်ထမ်းတွေနဲ့ သူတို့ရဲ့မိသားစုတွေအတွက်၊ အကူညီမဲ့နေတဲ့သူတွေအတွက်၊ ဒါတွေအားလုံးက  ငါအောင်မြင်မှ၊ ငါငွေရှိမှ ထိထိရောက်ရောက် ဘက်စုံ ကူညီနိုင်မယ်"" ဤသို့ စိတ်ခွန်းအားများရယူကာ အမြဲရှေ့ဆက်ခဲ့သည်။


အပေါ်မှ အကြောင်းအရာကို ရှေ့ဆက်လိုပါ၏။ ဈေးရောင်းမကောင်းဟုဆိုနေ၍ မရ၊ ထမင်းစားချိန်ဖြစ်သောကြောင့် နားရမည်။ စားသောက်ရမည်။ ကျွန်တော်တစ်ယောက်တည်းသာဆိုလျှင် အကြောင်းမဟုတ်၊ ပေါင်မုန့် (၄၀၀)ကျပ်ဖြင့်ဝယ်၍ ကားထဲမှရေသန့်ဘူးရေကိုသောက်သုံးကာ နေ့လည်စာကိုဖြေရှင်း၍ရသော်လည်း၊ ဝန်ထမ်းကောင်လေးအဖို့ စဉ်းစားပေးရမည်။ ထို့ကြောင့်ထမင်းဆိုင် တစ်ခုတွင် ရပ်နား၍ ကျွန်တော်သည် ဘဲဥဟင်းဖြင့်လည်းကောင်း၊ ကောင်လေးသည် အမဲမွှကြော်ဖြင့်လည်းကောင်း မှာ၍ ဟင်းတစ်မျိုးကို တဝက်စီခွဲ၍ စားသောက်ခဲ့သည်။ စားသောက်ပြီးသောအခါ ကျွန်တော်တို့ ဈေးဆက်ရောင်းခဲ့ကြသည်။ ညနေ လေးနာရီတိတိ၊ စုစုပေါင်း တစ်နေကုန်ရောင်းရသည့် ဆေးဘူးများမှာ (၁၃)ဘူးသာရှိသည်။ ယနေ့အဖို့ ကျွန်တော်အရှုံးပေါ်သည်။ မည်သို့ပင်ဆိုစေကာမူ  ညနေလေးနာရီအတိတွင် ရန်ကုန်သို့မောင်းပြန်ရမည်။ ထိုထက်နောက်ကျလျှင် မကောင်း။ ထို့ကြောင့် ပစ္စည်းများသိမ်းရန်နှင့်  အမောပြေစေရန် အရိပ်ကောင်းသည့်နေရာကိုရှာ၍ ထိုနေရာတွင် ခေတ္တရပ်ကြသည်။


ကျွန်တော်ရေးလိုသော ခေါင်းစဉ်ဖြစ်သည့်

"""အရှုံးပေး၍ အနိုင်ယူသည်

စကားလုံးများတွင် စွမ်းအားရှိသည်""" ဟူသော အကြောင်းအရာ၏ အဓိကနေရာသို့ ရောက်လာခဲ့ပြီ။


ကျွန်တော် ကားရပ်ထားသောနေရာ၏ မလှမ်းမကမ်းတွင် ကလေးတခြို့ အုပ်စုဖွဲ့၍ ဆော့ကစားနေကြသည်။ ယောက်ျားလေးများက ပိုသည်။ ဆော့ကစားနေရင်းမှ ကလေးနှစ်ဦးသည် တစ်ဦးကိုတစ်ဦး အလွန်ဒေါသထွက်နေသောဟန်ဖြင့် ထိုးကြိတ်နေသည်မှာ ကျွန်တော်မြင်ရသူအဖို့ အလွန်စိုးရိမ်မိသည်။ ဤနေရာသည် လူနေအိမ်များနှင့် မနီး။ တဖက်တွင် လယ်ကွင်းပြင်ကြီးရှိသည်။ ကျန်တစ်ဖက်တွက် ရေဆိုးမြောင်းရှိသည်။ မြောင်းကြီးအကျော်တွက် ကလေးတွေနေထိုင်ရာအရပ်ဟု ထင်ရသော အိမ်လေးများ၏ အနောက်ဖက်ဖြစ်သည်။ သို့သော် ဤလမ်းမကြီးသည် မြေလမ်းဖြစ်၍ သစ်ပင်ကြီးများလည်းရှိ၍ အေးချမ်းသည်။ ကလေးများဆော့ကစားရန်သင့်တော်သကဲ့သို့ပင် လူကြီးများနားနေရန်အတွက်လည်း အလွန်ကောင်းသော နေရာဖြစ်သည်။


ဤနေရာအနေအထားကြောင့် ကလေးနှစ်ဦးရန်ဖြစ်နေသည်ကို မိဘများသိနိုင်မည်မဟုတ်။ မကြာခင် သွေးထွက်သံယိုဖြစ်ကြမည်ကို ကျွန်တော်စိုးရိမ်မိသောကြောင့် ကလေးတွေအနားသို့ ခပ်သွက်သွက် လျှောက်သွားခဲ့သည်။


လေသံခပ်ကျယ်ကျယ်ဖြင့်

""ဟိတ်၊ တော်တော့၊ တော်တော့၊ ရပြီ၊ သားတို့ရန်မဖြစ်ကြနဲ့တော့""ဟု နှုတ်ကဆိုရင်း လက်နှစ်ဖက်ဖြင့်လည်း လူခွဲလိုက်သည်။ ကလေးများအနက်မှ ရန်ဖြစ်နေသော ကလေးနှစ်ဦးသည် ကျွန်တော်၏ ဘယ်ဘက်တွင်တစ်ယောက်၊ ညာဘက်တွင်တစ်ယောက်ဖြစ်သွားပြီး တစ်ဦးကိုတစ်ဦး ထိုးကြိတ်ထားသည့်အတွက် အလွန်ပင် မောပန်းနေကြသည်။ 


ကျွန်တော်လည်း ""သားတို့ခုနကဆော့နေတာ ကိုကြီးတွေ့ပါတယ်၊ ခုမှ ဘယ်လိုဖြစ်ကြတာလဲ ကွာ" ဆိုတော့


ရန်ဖြစ်သူကလေးနှစ်ဦးအနက် အနည်းငယ်အရွယ်ပိုကြီးသော ကလေးမှ အစပျိုးဖြေသည်။ 

""သူ့ကို သားက အရှုံးပေးဆိုတာကို မပေးပဲ ညစ်တယ် ကိုကြီး၊ အာ့ကြောင့် သားကထိုးတာ""


ထိုအချိန် အငယ်ကလေးက 

""သားက မရှုံးဘူး ကိုကြီး၊ သားထပ်ဆော့ရင်နိုင်တယ်၊ သူကအတင်း အရှုံးပေးခိုင်းနေတာ၊ ပြီးတော့သားကိုလာထိုးလို့၊ သားပြန်ထိုးတာ"" 


ဒါနဲ့ကျွန်တော်လည်း 

""သားသားတို့နဲ့ ကိုကြီးတစ်ခု‌ဆော့မယ်၊ ခဏစောင့်"" ဆိုကာ ကားနားသို့ပြန်သွားရင်း လက်ကိုင်ပဝါ အပြာရောင်တစ်ခုနှင့် တစ်ရှူးတစ်ရွက်ယူ၍ ကလေးတွေအနီးသို့ ပြန်လာခဲ့သည်။


အငယ်ကလေး၏ ညာဘက်လက်တွင် အဝတ်အပြာကို ကိုင်စေပြီး၊ ဘယ်ဘက်လက်တွင် တစ်ရှူးကို ကိုင်စေခဲ့သည်။ ကလေးနှစ်ဦးကို မျက်နှာချင်းဆိုင် ရပ်ခိုင်းလိုက်သည်။ ကျန်ကလေးများနှင့် ကျွန်တော်၏ ဝန်ထမ်းကောင်လေးတို့မှာ စိတ်ဝင်စား၍ ကြည့်နေကြသည်။


ကလေးများအားလုံးကို ကျွန်‌တော်ပြောသည်မှာ ညာဘက်လက်ရှိ အဝတ်အပြာသည် "အနိုင်" ဖြစ်သည်၊ ဘယ်ဘက်လက်ရှိ တစ်ရှူးအဖြူသည် "အရှုံး" ဖြစ်သည်။ ထို့နောက် ကလေးတို့ မှတ်မိလား၊ ဘယ်သူမရှင်းလဲဟု မေးရာ၊ ကလေးများအားလုံးက ""လွယ်လွယ်လေး ကိုကြီး၊ အပြာက အနိုင်၊ အဖြူက အရှုံး""ဟုဖြေကြသည်။ 


ထိုအခါ ကလေးအကြီးအား

""ကဲ••••သားသားက အခုနက ဘာတောင်းတာလဲ"

"သူ့ကို သားက အရှုံးပေးလို့ ပြောတာ ကိုကြီး"

"ဟုတ်ပြီ"


ကလေးအငယ်ဘက်လှည့်၍

"သားသား သူငယ်ချင်းက အရှုံးပေးလို့ပြောတာ သားကြားလိုက်လား"

"ဟုတ်ကိုကြီး သားကြားတယ်"

"ကြားရင် သူတောင်းတဲ့ အရှုံးကိုပေးလိုက်"


ကလေးအငယ်သည် ဘယ်ဘက်လက်မှ တစ်ရှူးအဖြူကိုပေးလိုက်သည်။

""အခု သားလက်ထဲ ဘာကျန်လဲ"

"အနိုင်ကျန်တယ် ကိုကြီး"

"အေးးး အဲ့တာပဲလေ သားရယ်၊ သူက အရှုံးပေးပြောတာကို သားပေးလိုက်ရင် အနိုင်ရတာပဲ မဟုတ်လား" ဆိုတော့


အကြီးကလေးက

""ဟာ ကိုကြီး သားက အနိုင်လိုချင်တာ၊ အရှုံးပေးမပြောတော့ဘူး၊ အနိုင်ပေးပြောမယ်" ဆိုပြီး အတင်းငြင်းပါလေသည်။


အငယ်ကလေးသည် သူ့လက်ထဲမှ အနိုင်ကို မပေးချင်၊ အရှုံးကိုလည်း ပြန်မလိုချင်၊ ကျွန်တော်က ရသည်၊ အစက ပြန်ကစားမည်ဆိုကာ၊ အငယ်ကလေး လက်ထဲတွင် တစ်ခုစီပြန်ပေးလိုက်သည်။


အကြီးကလေးအား

"သား ပြန်တောင်း ဘာလိုချင်လဲ"

"အနိုင်လိုချင်တယ်"

"ဟုတ်ပြီ"


အငယ်ကလေးအား

"သားသား သူတောင်းတာ သားကြားလား"

"ဟုတ်ကိုကြီး"

"ဒါဆိုပေးလိုက် သား"

အငယ်ကလေးသည် ညာဘက်လက်မှ အဝတ်စအပြာကိုပေးလိုက်သည်။


အကြီးကလေးပျော်သွားသည်၊ 

"ငါအနိုင်ရပြီ" ဆိုကာ အော်နေသည်။


အငယ်ကလေးအား ကျွန်တော်က

""သား လက်ထဲက အဖြူတစ်ရှူးက ဘာလဲ""

"အရှုံး ကိုကြီး"

"သား လက်နဲ့ လုံးချေပြီး ပစ်ချလိုက်"

"ဟုတ် ကိုကြီး"

တစ်ရှူးကို အားရပါးရ လုံးချေပြီး ပစ်ချလိုက်သည်။

""အခု သားလက်ထဲမှာ ဘာကျန်လဲ၊ အနိုင်လား၊ အရှုံးလား""

"ဘာမှ မကျန်တော့ဘူး ကိုကြီး"

"ဒါဆို သားက နိုင်လည်းမနိုင်ဘူး၊ ရှုံးလည်းမရှုံးဘူးဆိုတော့ သရေပေါ့"

"ဟာ ဟုတ်သားပဲ ဒီပွဲ သရေပဲ"


တစ်ဆက်ထဲ ကျွန်တော်သည် ကလေးများအားလုံးကို မှာလိုက်သည်။ 

""သားတို့ဆော့ကစားရင် တစ်ယောက်ကနိုင်မယ်၊ အနိုင်လိုချင်တဲ့ ကလေးက အနိုင်ယူ၊ အနိုင်မရတဲ့ ကလေးက ဘာရလဲ""

ဆိုတော့ ကလေးများသည် ခုန်ပေါက်ကာ 

"သရေ" ပဲဟူ၍ အော်ဟစ်ကြသည်။


ထိုကလေးများ စိတ်ကျေနပ်သွားကြသည်။ ရန်ပွဲများ ဆက်ဖြစ်မလာပါဟု ကျွန်တော်မျှော်လင့်သည်။ ကလေးနှစ်ယောက်အား ""မင်းတို့က ဘာလို့ရန်ဖြစ်ကြတာလဲ၊ ဟိုကောင်လွန်တယ်၊ ဒီကောင်လွန်တယ်" ဟု ရိုင်းပြစွာ ပြောဆိုဆက်ဆံလျှင်လည်း ယခုကိစ္စကိုဖြေရှင်း၍ရသည်။ ကျွန်တော်သည် ထိုကလေးများနှင့် ယှဉ်လျှင် လူကြီးဖြစ်သောကြောင့် ကျွန်တော်ရှိနေသည့်အချိန် အော်ငေါက်သောင်းကြမ်းလိုက်ပါကလည်း ကျွန်တော့်ကိုကြောက်၍သာ ငြိမ်သွားမည်ဖြစ်သော်လည်း၊ ကျွန်တော်၏နောက်ကွယ်တွင် ရန်ပွဲများဆက်လက်တည်ရှိနေမည်ဆိုသည်မှာ အမှန်ပေတည်း။ ထိုပြဿနာကိုပင် စကားလုံး များ၏ စွမ်းအားများကို အသုံးချခြင်းဖြင့် ဖြေရှင်းခဲ့ပါသောကြောင့် ကျွန်တော်မရှိသည့် အချိန်အခါတွင်လည်း ထိုကလေးများ အငြိုးအတေးကင်းစွာ၊ ပျော်ပျော်ရွှင်ရွှင် ကစားနေရမည် ဖြစ်သည်ကို မိတ်ဆွေတို့ သဘောပေါက်ကြပြီး ဖြစ်သည်။


ဈေးရောင်းရင်း ငိုက်နေသော ဈေးသည်အား

"""အလုပ်ထဲ အိပ်ချင်ရင် ဈေးမရောင်းနဲ့"""" ဆိုသည်ထက် """"ပင်ပန်းနေရင် နားလိုက်ပါလား""" ဟု ပြောလျှင်လည်း ရပါ၏။


ငိုနေသောကလေးငယ်‌လေးအား

""ပါးစပ်ပိတ်လိုက်၊ ငါရိုက်ရင် သေမယ်နော်""

ဆိုသည်ထက်

"""သားက ရီ(ရယ်)နေရင် ချစ်စရာလေး၊ မငိုပဲ (ရယ်)ရီပြပါလား""" ဟု ပြော၍လည်း ချော့လို့ရပါ၏။


ထို့ကြောင့် စကားလုံးများတွင် စွမ်းအားရှိသည်။ 


နှုတ်ကထွက်သော ယုတ်ညံ့ရိုင်းဆိုင်းသော စကားလုံးများကြောင့် သေကြရသည်၊ လေးစားခြင်း မခံကြရတော့၊ ရန်ပွဲများဖြစ်လာရသည်၊ တစ်ယောက်ကိုတစ်ယောက် မုန်းတီးသွားကြသည်၊ 


ထိုနှုတ်မှထွက်သော စွမ်းအားရှိသည့် စကားလုံးများကြောင့်ပင်၊ အောင်မြင်ကြသည်၊ လေးစားခြင်း ခံကြရသည်၊ တစ်ဦးကိုတစ်ဦး ချစ်မြတ်နိုးကြ၊ တန်ဖိုးထားကြသည်။ 


ထို့ကြောင့်•••••••••စကားလုံးများတွင် စွမ်းအားရှိသည်။


စာချစ်သူ မိတ်ဆွေများအားလုံးကို အစဉ်လေးစားလျက်•••••••••


#မောင်ရှိန်း

02.08.2025

ညနေ (04:46)