အငွေ့လို လူ


 

အငွေ့လိုလူ (စာဖတ်ချိန် ၂မိနစ်)
••••••••••••••
အငွေ့ဆိုတဲ့ အရာကို ပတ်ဝန်းကျင် လူ့အသိုင်းအဝိုင်းက အမျိုးမျိုး ထိုးနှပ်ပြောဆိုကြပါတယ်။

✓အငွေ့က အဆုတ်ကို ပျက်ဆီးစေတယ်။
✓လမ်း‌တွေမှာ အငွေ့ရှိရင် ယာဉ်မောင်းတွေရဲ့ အမြင်ကို ဝေဝါးစေတယ်။
✓စက်ပစ္စည်းတွေ ဝယ်ရောင်းတဲ့အခါမှာ အငွေ့လွတ်မှ အစဉ်ပြေကြတယ်။
✓ပင်လယ်မှာဆိုရင် MARPOL ANEX VI (Regulation For The Prevention Of Air Pollution) ဆိုပြီး IMO (International Maritime Organization)ရဲ့ လေထုကို ညစ်ညမ်းစေတဲ့ ဥပဒေနဲ့ ပြင်းပြင်းထန်ထန် အမိန့်ထုတ်ထားသေးတယ်။

အငွေ့လေးရဲ့ဖြစ်တည်မှုကို ဖန်တီးနေတာက ကျွန်တော်တို့ လူသားတွေပဲ မဟုတ်လား။

✓ဆေးလိပ်ကို မီးညှိပြီး အငွေ့ ကိုဖြစ်ပေါ်စေတာ၊
✓စက်ရုံတွေက လောင်စာတွေကို မီးရှို့လို့ အငွေ့ကို ဖြစ်ပေါ်စေတာ၊
✓လမ်း‌ဘေးအမှိုက်နဲ့ သစ်ရွက်ခြောက်တွေကို မီးရှို့လို့ အငွေ့ကို ဖြစ်ပေါ်စေတာ၊
✓ကား၊ ဆိုက်ကယ်နဲ့ အင်ဂျင်သုံး စက်ပစ္စည်းတွေကြောင့် အငွေ့ကိုဖြစ်ပေါ်လာခြင်း မဟုတ်လား။

ဒီအငွေ့ဆိုတဲ့ အရာလေးက ကျွန်တော်တို့ရဲ့ အရှေ့မှာ စက္ကန့်ပိုင်းမျှသာ ရှိနေနိုင်တာ။
ပြီးရင် ချက်ချင်းပျောက်ကွယ်သွားတဲ့ အရာမျိုး။
ဒါပေမယ့် သူက သေဆုံးသလိုမျိုး အပြီးတိုင် ပျောက်ကွယ်သွားတာတော့ မဟုတ်ဘူးဗျ။

လူတွေနဲ့ အဝေးဆုံးနဲ့ အမြင့်ဆုံးဆိုတဲ့ ကောင်းကင်ရဲ့ တစ်နေရာမှာ အချိန်တစ်ခုကို စောင့်နေတာ။
အချိန်တစ်ခုရောက်လာတဲ့အခါ အလွန်အင်အားကြီးပြီး၊ တောင့်တင်းခိုင်မှာတဲ့ တိမ်တိုက် တိမ်ခဲကြီးအဖြစ်၊ မိုးသားများအဖြစ်၊ မုန်တိုင်းအဖြစ် ပြောင်းလဲပြီး
သူ့ကိုဖိနှိပ် စော်ကားထားတဲ့ ဒီပတ်ဝန်းကျင်ကို ပြန်လာတယ်။
ပြီးရင် လေနှင့်မိုးရောပြီး အကုန်ဖျက်ဆီးလိုက်တယ်။

ဒါပေမယ့် သူ့ရဲ့ဖြစ်တည်မှုကို လက်ခံ‌ပေးခဲ့တဲ့၊
သူ့အပေါ် အဆိုးမမြင်တဲ့ လူတခြို့ကိုတော့ သူက အကျိုးအမြတ်တွေ ပေးသွားပါတယ်။

✓သန့်ရှင်းလတ်ဆတ်တဲ့ မိုးရေတွေကို ပေးသွားတယ်။
✓သူကြောင့် စိုက်ခင်း၊ သီးနှံနဲ့ သက်ရှိတွေ အစဉ်ပြေသွားကြတယ်၊
✓မိုးရေကို သုံးပြီး အကျိုးရှိတဲ့ လုပ်ငန်းတွေမှာ အမြတ်ထုတ်ကြတယ်။

နောက်ဆုံး အငွေ့လေးက ပြောခဲ့တယ်။
ငါ့ရဲ့ ဖြစ်တည်မှုကို စော်ကားခဲ့တဲ့ လူတွေနဲ့
ငါ့ကို ချစ်ခဲ့တဲ့သူတွေဆီကို
ငါတစ်နေ့ပြန်လာမယ်။

ငါ့အပေါ်မကောင်းခဲ့တဲ့ သူတွေအတွက် မုန်တိုင်းအဖြစ် ပြန်လာပြီး
ငါ့ကိုချစ်တဲ့ သူတွေအ‌တွက်တော့
အေးချမ်းမှုတွေကို သယ်ဆောင်လာမယ်တဲ့။

ဒါဆို အငွေ့လိုလူကကော❓
ဟုတ်ပါတယ်။ စာဖတ်သူတို့ ကိုယ်တိုင် အတွေးလေးတစ်ခု၊ ခံစားချက်တစ်ခုနဲ့ အငွေ့လိုလူကို နားလည်သွားမှာပါ။

အငွေ့လိုလူဟာလည်း အငွေ့လေးလိုပါပဲ••••

သူ့ရဲ့ ဖြစ်တည်မှုကို လက်မခံနိုင်တဲ့ ပတ်ဝန်းကျင်ကနေ မသိမသာလေး ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားလိမ့်မယ်။

တစ်နေ့ပြန်ရောက်လာသောအခါ•••••••••

လေးစားစွာဖြင့်•••••••••
#မောင်ရှိန်း
12.09.2025
www.shaneminphyo1994.blogspot.com