ဓာတ်ကြီးလေးပါး ချစ်စရာ ကလေးအတွေး
••••••••••••••••••••••••••••••••••••••••••••••••••
မပြောခင်၊ ဘယ်လိုဖြစ်လာရလဲ အရင်မိတ်ဆက်ပါရစေဗျာ••••••••
(၁) ရွာ မရောက်ခင် (ရန်ကုန်)
(၂) ရွာရောက်ပြီး ထမင်းစားဖိတ်ခံရခြင်း
(၃) စာသင်ပေးရန် ဖိတ်ခေါ်ခံရခြင်း
(၄) ကလေးများနှင့် ဓာတ်ကြီးလေးပါး
***(၁) ရွာ မရောက်ခင် (ရန်ကုန်)
၂၀၁၉ လောက်က ကျွန်တော့်စီမှာ ဖုန်းပြင်နည်းသင်ယူနေတဲ့ ဝင်းကို တစ်ယောက် သင်တန်းပြီးတော့ သူ့ရွာမှာ ကိုယ်ပိုင်ဖုန်းပြင်ဆိုင်ဖွင့်မယ်၊ ဖွင့်ခါစ လေး/ငါးရက်ကို ကျွန်တော်က ဆိုင်မှာဦးဆောင်ပေးဖို့၊ သူက အခုမှစပြင်မှာဆိုတော့ customer တွေလာရင် ခြေတုံချတုံနဲ့ အမှားယွင်းပါနိုင်တာကြောင့် ကျွန်တော့်ကို ဝင်းကိုက..........
ဝင်းကို---ဆရာ.....ကျွန်တော်ရွာမှာဆိုင်ဖွင့်ဖို့
ဆရာ ကျွန်တော့်ကို ကူညီပေးပါလား
ကျွန်တော်---ဪ၊ အခုလည်းအကုန် စီစဉ်ပေးထားပြီးသားပဲကွာ၊ မင်းက ဘာတွေဆိုးရိမ်နေတာလဲ၊ ပြင်ဖို့အတွက်လိုအပ်တဲ့ power supply, Heat Gun, နဲ့ တခြား tools တွေလည်း အကုန်ဝယ်ပြီးပြီ၊ ပြီးတော့ Diagram ထောင်ကျော်လည်း မင်းကိုပေးပြီးပြီ၊ နောက်လိုအပ်ရင် ပုံသာရိုက်ပို့လိုက်၊ ဆရာဒီကနေပြောပြပေးမယ်လေ၊ အေးဆေးပါ ငါ့ညီရာ.....
ဆိုတော့
ဝင်းကို---ဆရာပြောတာမှန်ပါတယ်၊ ကျွန်တော်အခုပြောချင်တာက ဆရာပါ ကျွန်တော်နဲ့ ရွာကိုလိုက်ခဲ့ပါလား.....
ကျွန်တော်---ဟိုက် ဘယ်လိုကြီးလဲ ဝင်းကိုရာ၊ ဆရာလိုက်လို့မရဘူးလေ၊ ဒီမှာသင်တန်းသားတွေရှိတယ်၊ ဆိုင်ကလည်းတစ်ဖက်နဲ့ ပြီးဝောာ့ ပြင်ဖို့အတွက် ဆရာ့ကိုအပ်ထားတဲ့ အလုံးတွေလည်း ရှိနေသေးတယ်၊ ဆရာဘယ်လိုလိုက်လို့ရမလဲ
ဝင်းကို---ကူညီပါဆရာရယ်၊ ဆရာ့စီမှာ customer တွေက ဆရာရှင်းပြရင် ရပါတယ်၊ လေး/ငါးရက်လောက် ဆိုင်ပိတ်မယ်၊ ဆိုင်ပြန်ဖွင့်တဲ့နေ့ အပ်ထားတာ အကုန်အပြီးသပ်ပြီး ပေးမယ်လို့ ရှင်းပြပြီး မပိတ်ခင် ရသလောက် ကျွန်တော်လည်းဝိုင်းပြင်လိုက်ရင်ပြီးပါတယ်၊ ကူညီပါဆရာရယ်၊ အစပိုင်း ကျွန်ဝော် မရဲသေးလို့ပါ....
သူ့မျက်နှာကိုကြည့်ပြီး သူ့နေရာမှာငါသာဆိုရင်ဆိုတဲ့ စိတ်ရယ်၊ သူ့အမေကလည်း ဖုန်းဆက်ပြီး "ဆရာရယ်၊ သားနဲ့အတူရွာကိုလိုက်လာပြီး၊ လေး/ငါးရက်လောက် လာလည်ပါလား၊ ဆရာ့ကိုလည်းကျေးဇူးဆပ်ချင်လို့ပါ၊" ဆိုတာနဲ့ ကျွန်တော်လည်း အလုပ်တွေနဲ့ မွန်းကြပ်နေတာကြာပြီ၊ ခရီးလည်းမထွက်ဖြစ်၊ ခုသွားမယ့်နေရာကလည်း ကိုယ်မရောက်ဖူးသေးတဲ့နေရာ၊ ဧရာဝတီတိုင်းဆိုတော့ သွားမယ်လို့ဆုံးဖြတ်ပြီး
ကျွန်တော်---ကဲပါ၊ ဒါဆိုလည်းလိုက်ခဲ့ပေးမယ်ကွာ၊ ဒါပေမယ့် ဝင်းကို၊ ဆရာအကြာကြီးတော့ နေလို့မရဘူးနော်
ဝင်းကို---ဟာ၊ ပျော်လိုက်တာဆရာရယ်ဆိုပြီး၊ ထခုန်တော့တာပဲ....
***(၂) ရွာရောက်ပြီး ထမင်းစားဖိတ်ခံရခြင်း
ဒီလိုနဲ့ အတိုချုပ်ပြောရရင် ရွာကိုရောက်သွားတယ် ဆိုပါတော့ဗျာ....
ဇာတ်လမ်းက အခုမှ စတာ.....
ရွာကိုရောက်တော့ ဝါးခယ်မကို သွားလည်တယ်၊ အနီးနားက အိမ်မည်းကိုလည်း ဆိုင်မှာလာအပ်တဲ့ မှန်လဲဖို့အတွက် လိုအပ်တဲ့ ဖုန်းLCD/Touch သွားဝယ်ပေါ့၊ ချောင်းမှာရေးကူးနေကြတဲ့ ကလေးတွေကိုသွားကြည့်၊ ဝင်းကိုဆိုင်မှာလည်း မျက်နှာပြ၊ ဦးဆောင်ပြင်ပေး၊ ဝင်းကို,ကိုလည်း လူတွေက ယုံကြည်လာကြပြီ၊ ဝင်းကိုလည်း အားတတ်ပြီး ကျေနပ်နေဟန်ရှိသည်။
ဒီလိုနဲ့ တစ်ရက်တော့၊ တပည့်ဖြစ်သူဝင်းကိုရဲ့ အိမ်မလှမ်းမကမ်းက အိမ်တစ်အိမ်က ရန်ကုန်ကဧည့်သည်ရောက်နေတယ်ဆိုတာနဲ့၊ ထမင်းစားဖိတ်ကော၊ ဖိတ်တဲ့အိမ်က သားမိနှစ်ယောက်ရယ်၊ အဖွားဖြစ်သူရယ်နေတာ။
ထမင်းစားတဲ့အိမ်ကို ရောက်ပြီ၊ စာဖတ်သူတွေငြီးငွေ့မှာဆိုး၍ ကျန်တာမရေးတော့ဘူးဗျာ။ ရောက်ရောက်ချင်း အိမ်ရှင်သားအမိက ထမင်းဝိုင်းတည်ခင်းပြီးအသင့်စောင့်နေတယ်၊ ဗိုက်ကလည်းဆာ၊ ဟင်းကလည်းအတော်မွှေးတယ်၊ အိန္ဒြေတော့ဆယ်ရတာပေါ့၊
ကျွန်တော်---အားနာစရာကြီးဗျာ၊ ကျွန်တော်ကဖိတ်လို့သာလာရတာ၊ ဒီလိုလာစားရတော့ အိမ်ရှင်တွေအလုပ်ပျက်၊ ပင်ပန်းနေရောပေါ့
သမီးဖြစ်သူ---အို...ဆရာကလည်း၊ မပင်ပန်းပါဘူး၊ ကျွန်မတို့က ဆရာ့ကိုဖိတ်ကျွေးချင်လွန်းလို့ ဝင်းကို,ကို အကူညီတောင်းပြီး တစ်ဆင့်ပြောရတာ၊ ကိုယ်တိုင်ဖိတ်ဖို့တောင် ဝင်းကို,ကိုပြောတာ၊ သူက သူပဲဆရာ့ကိုပြောပြီးခေါ်လာလိုက်မယ်၊ ဆိုတာနဲ့ ရိုင်းသလိုဖြစ်သွားမိပြီဆိုပြီး၊ အိမ်ရောက်မှ နောင်တတွေရနေတာ။ အခုလိုလာပေးလို့ ဆရာ့ကို ကျေးဇူးတောင် တင်ပါတယ် ဆရာရယ်...
ကျွန်တော်---ဪ မလိုပါဘူး၊ ကျွန်တော်လည်း ကျေးဇူးတင်ပါတယ်ဗျာ......
ပြောရင်းဆိုရင်း ကျွန်တော့်အရှေ့လာချထားတဲ့ ရေခွက်ယူပြီး တစ်ငုံမော့နေတုန်း အဖွားဖြစ်သူက ရုတ်တရက်၊ သူ့မြေးဖြစ်သူကို "ဟဲ့.....ကလေးမ၊ အကုန်ခူးခပ်ပြင်ဆင်ပြီးမှ၊ ဆရာတို့စားဖို့ အစာခွက်ကော"....
ဟိုက်၊ ဘာလား၊ အစာခွက်ဆိုတော့၊ ကျွန်တော်လန့်ပြီး သောက်နေတဲ့ရေ နှာခေါင်းကပါ ပြန်ထွက်လာတယ်
ချက်ချင်းပဲ ကောင်မလေးဖြစ်သူက
"ဆရာ၊ ဆရာ၊ ရလား၊ အမလေး၊ တောင်းပန်ပါတယ်ဆရာရယ်၊
ဪ၊ အဖွားကလည်း ဘယ်လိုတွေပြောနေတာလဲ၊ ထမင်းပန်းကန်လို့ပြောပါ၊ အစာခွက်လို့ ဘာလို့ပြောတုန်း၊ တောင်းပန်ပါတယ်နော် ဆရာ၊ အဖွားကတချက်ချက်စကားပြော အဲ့လိုပါပဲ၊ စိတ်မဆိုးပါနဲ့နော်" ဆိုတော့
ကျွန်တော်လည်း ရီရမလို၊ ငိုရမလိုနဲ့။ ဟယ်ဟယ် ရပါတယ်ပေါ့၊ ဒါနဲ့ ကျွန်တော်နဲ့ ဝင်းကိုထမင်းစားတယ်ပေါ့၊ ကျွန်တော်ကလည်း အစားသောက်စားရင် ဇိမ်ခံစားတတ်တယ်၊ ဝင်းကိုကတော့ တောသားပီပီ၊ အားရပါးရစားတာပေါ့၊ အဲ့အချိန်၊ အဖွားဖြစ်သူက
"ဆရာရယ်၊ ဝင်းကိုလို အားရပါးရမျိုစမ်းပါ၊ ဟိုကောင့်ကိုကြည့်၊ တဖြဲနှဖြဲမြိုနေတာ၊ ကျွန်မနွားကြီးအတိုင်းပဲ၊ ခွေးလိုနွားလိုစားစမ်းပါ ဆရာရယ်"
ငှယ်..... သေရော၊ ဘယ်လိုဆက်မျို....
ဪ ယောင်လို့ ဘယ်လိုဆက်စားရမလဲ
ကောင်မလေးက "အဖွားရယ်၊ ဝောာ်ပါဝောာ့၊ အားနာလိုက်တာဆရာရယ်၊ အဖွားက အားရပါးရ စားစေချင်လို့၊ ပြောလိုက်တာပါ"
"ကျွန်တော်၊ သိ....သိ....သိပါတယ်၊ ရပါတယ်၊ အဟန့် (လည်ချောင်းဟန့်၍)" ဘာမှဆက်မပြောတော့ပဲ ချွေးတွေစီးကျလာပြီး၊ အမြန်သာကုန်အောင်စားလိုက်တယ်။
***(၃) စာသင်ပေးရန် ဖိတ်ခေါ်ခံရခြင်း
စားသောက်ပြီးတော့ သမီးဖြစ်သူက စကားအစပျိုးတယ်၊
"ဆရာ့ကို ကျွန်မတောင်းဆိုစရာလေးရှိလို့ပါ"
ကျွန်တော်---ဟုတ်ကဲ့၊ ဘာများလဲပြောပါ
သမီးဖြစ်သူ---ဒီလိုပါ၊ ကျွန်မစီမှာ ညနေဘက် ကျူရှင်လာသင်နေတဲ့၊ ကလေးအယောက် (၂၀)လောက်ရှိတယ်
ကျွန်တော်---ဪ၊ ညီမက စာသင်/ကျူရှင်ပြတာလား...
သမီးဖြစ်သူ---ဟုတ်ပါတယ် ဆရာ၊ အိမ်မှာ အမေနဲ့အဖွားရယ် ကျွန်မရယ်ပဲရှိတယ်၊ ဈေးလည်းမရောင်းတတ်တာနဲ့ ကိုယ်တတ်တဲ့ပညာလေးနဲ့ ကလေးတွေကို စေတနာကြေးနည်းနည်းပဲယူပြီး ဝမ်းတထွာအတွက် ရှာစားနေတာပါ....
ကျွန်တော့်စိတ်ထဲ ထမင်းဖိုးပြန်တောင်းဖို့လားဆိုပြီး အတွေးတချက်ဝင်သွားတယ်၊ ရပါတယ်၊ စားပြီးမှတော့ ပေးရမှာပေါ့၊ ဟဟ၊ လို့ စိတ်ထဲကတွေးမိပြီး.....
ကျွန်တော်---ဟုတ်ကဲ့၊ ဒါနဲ့ ညီမတောင်းဆိုစရာရှိတယ်ဆိုတာကကော
သမီးဖြစ်သူ--- ဪ ဒီလိုပါ၊ ကလေးတွေကို မနက်ဖြန် ညနေဘက် အချိန်တစ်နာရီလောက် စာပြပေးပါလားလို့ ပြောချင်တာပါ
ကျွန်တော်--- အယ်၊ ဟုတ်ဝူးလေ၊ ကျွန်တော်က ကျောင်းစာသင်တာမဟုတ်ဘူးလေ၊ ဖုန်းပြင်၊ ကွန်ပျူတာပြင်၊ လျှပ်စစ်ပစ္စည်းတွေ ပြုပြင်တာကို သင်ပေးတာလေ ညီမ၊ ဟယ်ဟယ်၊ ညီမ နားလည်မှုလွဲနေတာဖြစ်မယ်၊ ဝင်းကိုက ဆရာလို့ခေါ်တော့ ညီမက ကျွန်တော့်ကို ကျောင်းဆရာထင်သွားတာ ဖြစ်မယ်နော်၊ ဟုတ်တယ်မလား....
သမီးဖြစ်သူ--- ဆရာ ကျောင်းစာမသင်တာကိုသိပါတယ်၊ ပြင်ပဗဟုသုတကို ကလေးတွေကိုရစေချင်လို့ပါ၊ ပညာတတ်တစ်ယောက်စီက ပညာတစ်ခုလောက်မဆိုကလေးတွေရသွားရင် သူတို့လေးတွေအကျိုးရှိတာပေါ့ ဆရာရယ်...
ပြီးတော့ ဝင်းကိုစီကလည်း ဆရာ့သတင်းတွေကြားထားပါတယ်....
ကျွန်တော်ဝင်းကိုဘက်ကို တချက်ကြည့်လိုက်တော့ ဒီကောင် မပွင့်တစ်ပွင့်ရီ(ရယ်)ပြပြီး သူမဟုတ်သလို ဟိုဘက်လှည့်နေတယ်
ကျွန်တော်---ကျွန်တော့်သတင်းဟုတ်လား၊ ဒီကောင်ဘာတွေ ပြောထားတာလဲ၊ ကျွန်တော်လည်းသိပ်မရှင်းဘူးဖြစ်နေတယ်....
ထုံးစံအတိုင်း အဖွားဖြစ်သူက ဆိုင်းမဆင့် ဗုံမဆင့် ဝင်ပြောပါလေရော
အဖွားဖြစ်သူ---ဆရာ့သတင်းတွေကြားထားပါတယ် ဆရာရယ်၊ ဆရာက စာအသင်ပြကောင်းတယ်၊ စိတ်ရှည်တယ်၊ နားလည်အောင်ရှင်းပြတတ်တယ်၊ ပြီးတော့ စကားပြောရရင် ထမင်းတောင်မစားပဲ တနေကုန် ပြောနေတတ်တယ်ဆို၊ ဆရာက စကားပြောရတာ အရမ်းကြိုက်တယ်ဆိုလား သူပြောတာပဲ
ဝင်းကို---ဟာာာာ....အဲ့လိုပြောတာ မဟုတ်ပါဘူးအဖွားရာ၊ အဖွားလုပ်မှ ကျွန်တော်ပြသနာတတ်တော့မယ်၊ ဒီ....ဒီလိုပါ ဆရာ......
သမီးဖြစ်သူက ကြားဖြတ်ဝင်ပြော
"ကဲ ဝင်းကို၊ ငါပဲရှင်းပြတော့မယ်၊ နင်ပြောရင် ပိုရှုပ်မယ်၊ ဒီလိုပါဆရာ၊ ဝင်းကိုပြောတာ ဆရာက knowledge sharing လုပ်ရတာကြိုက်တယ်၊ ပြီးတော့ ဆရာက စာတွေအရမ်းဖတ်တယ်တဲ့၊ စာဖတ်တဲ့သူနဲ့ စကားပြောကောင်းတယ်ဆိုတာ ကျွန်မသိတယ်လေ၊ သူကအဲ့ဒါပြောပြတာ၊ အဖွားကအဲ့လိုမပြောတတ်လို့ပါ"
ဟူးးးးးးကျွန်တော်လည်း ရောက်တော့မှ မထူးတော့ဘူးလေ၊ ဝါသနာကလည်း သူတို့ပြောတာမှန်ပါတယ်၊ ကျွန်တော်သိထားတာဆို ပြောပြချင်တာ၊ ထမင်းတော့စားတယ်ဗျ၊ ဟဟ၊ ပြီးတော့စာသင်ရတာလည်း သိပ်ဝါသနာပါတယ်၊ ဒီတော့
"ဟုတ်ပါပြီဗျာ၊ ဒါနဲ့ဘယ်တော့လဲညီမ၊ ကျွန်တော် သဘက်ခါပြန်တော့မှာ"
သမီးဖြစ်သူ---မနက်ဖြန် ညနေ(၅)နာရီလောက်ဆရာအားရင် လာခဲ့ပါနော်။
အတိုချုပ်ပြောရရင်
ကျွန်တော်လည်း နောက်နေ့ညနေငါးနာရီ
ရောက်လာတယ်ပေါ့ဗျာ•••••••
***(၄) ကလေးများနှင့် ဒြပ်ကြီးလေးပါး
နေရာထိုင်ခင်းက White Board တစ်ခုနဲ့ စားပွဲတစ်လုံးရှိတယ်၊ ကလေးတွေက အယောက်နှစ်ဆယ်လောက် စားပွဲရဲ့မျက်နှာချင်းဆိုင်မှာ စုထိုင်နေတယ်။ အဖွားဖြစ်သူက ကလေးတွေရဲ့ဘေးမှာ အမှီခုံနဲ့၊ ကလေးတွေရဲ့ ဆရာမဖြစ်သူ သမီးဖြစ်သူက ကလေးတွေရဲ့ အနောက်ဆုံးမှာ ထိုင်နေတယ်။
ကျွန်တော်လည်းရောက်ရောက်ခြင်း၊ သဘောကျတယ်၊ စာသင်ရတာ တကယ်အရသာတစ်မျိုးလေးဗျ၊ ကျွန်တော်ပျော်တယ်၊ ဒါနဲ့ ကလေးတွေကိုမိတ်ဆက်တာပေါ့၊ ကျွန်တော်က တစ်ယောက်ခြင်းနာမည်တွေမေး၊ သူတို့လည်းပြန်ဖြေကြ၊ ပြီးတော့
ဒီနေ့ကျောင်းစာမသင်ပဲ၊ ပြင်ပဗဟုသုတပြောမယ်ဆိုပြီး၊ ကလေးတွေစိတ်ဝင်စားစရာ၊ ဟာသလေးနှောပြီးပြောရင်း၊ တော်တော်ဇာတ်ရှိန်တတ်လာတယ်၊ ဒါနဲ့ကျွန်တော်က ဒီတစ်ခါသားတို့သမီးတို့ ဆရာ့ကိုဖြေရမယ့်အလှည့်ဆိုတော့၊ ကလေးတွေက ပျော်ပြီး ရေးးးးဆိုပြီး ထအော်ပါလေရော....အချိန်လည်းကြာပြီ၊ ဒီမေးခွန်းလေးပြီးရင်၊ ပြန်ရမယ်ပေါ့၊ ကျတော်လည်း အကြိုနှုတ်ဆက်ထားလိုက်တယ်။
ကျွန်တော့်မေးခွန်းက
သားတို့သမီးတို့ထဲက သိတဲ့သူ လက်ညိုးပဲထောင်၊ မဖြေနဲ့၊ ဆရာဖြေဆိုတဲ့သူပဲ ဖြေလို့ပြောပြီး၊ ကမ္ဘာကြီးကို
"ဘာနဲ့ဖွဲ့စည်းထားလဲ" ဆိုတော့
လက်ညိုးတွေအများကြီးထဲမှ ကလေးမ,လေးတစ်ယောက်ကို ကျွန်တော်ကဖြေခိုင်းတော့၊ "ဒြပ်ကြီးလေးပါးပါ ဆရာ"
"တော်လိုက်တာ၊ သမီးလေး"
နောက်မေးခွန်းက
"ဓာတ်ကြီးလေးပါးကိုသိတဲ့သူ ရှိလား"
နှစ်ယောက်ပဲ လက်ညိုးထောင်တယ်၊ ဒါနဲ့ကျွန်တော်က ခုနက ကလေးမလေးကို သမီးလေးက ဓာတ်ကြီးလေးပါးတော့သိတယ်၊ ဘာတွေလဲ မသိတာလားမေးတော့၊ ဟုတ်တယ်ဆရာတဲ့၊ ဪ ရပါတယ်၊ ဆရာပြောပြမှာပေါ့၊ ဒါပေမယ့် လက်ထောင်ထားတဲ့ သားလေးနှစ်ယောက် အရင်ဖြေတာ နားထောင်မယ်ဆိုပြီး၊ နောက်ဆုံးက သားသားအရင်ဖြေပြောတော့
"ဟုတ်ကဲ့၊ ဒြပ်ကြီးလေးပါးက
မီး၊ လေ၊ မြေ၊....မြေ.....မြေ"
မြေပြီးတော့ဘာလဲ သားသားဆိုတော့
ဆရာသားကို အစ ဖော်ပေးပါလားတဲ့
ဟဟ
အင်းပါ၊ သားသားလက်ကို ဘာနဲ့ဆေးလဲလို့ ကျွန်တော် Hints ပေးလိုက်တော့
ဪ သိပြီ၊ သိပြီ၊
ဒြပ်ကြီးလေးပါးက
မီးရယ်၊ လေရယ်၊ မြေရယ်၊ ဆပ်ပြာရယ်တဲ့
အဖွားကြီး ထအော်ပါလေရော
နင့်အမေ ဆပ်ပြာပါလား
ဟာ သားအမေဆပ်ပြာမဟုတ်ပါဘူး
သားတို့တစ်အိမ်လုံးသုံးတဲ့ ဆပ်ပြာပါ
ဟဟဟဟဟ.....
အားလုံးလည်းရီကြ၊ ကျွန်တော်က ကဲပါ၊ သားဖြေတာ သုံးခုတော့မှန်ပါတယ်၊ နောက်သားဘေးက လက်ညိုးထောင်တဲ့ သားသားသိတယ်မလား၊ သားဖြေကြည့်ဆိုဝောာ့၊
မီးရယ်၊ လေရယ်၊ မြေရယ်၊ &$#@
အသံအရမ်းတိုးသွားတယ်
နောက်ဆုံးတစ်ခုက
အဖွားကြီးကိုလည်း မကြည့်ရဲကြည့်ရဲ
ချောင်းကြည့်ရင်းဖြေတာ
ကျွန်တော်လည်း မကြားလိုက်ဘူး
ဘယ်သူမှလည်းမကြားလိုက်ဘူး
ဒါနဲ့ပြန်မေးတာပေါ့
သားသား၊ ဆရာ မကြားလိုက်လို့၊ နောက်တစ်ခေါက်လောက် ပြန်ဖြေပေးပါလားဆိုတော့
မီးရယ်၊ လေရယ်၊ မြေရယ်၊ &$#@
အဖွားကြီးက ဟဲ့ကလေး ကျယ်ကျယ်ဖြေလေ၊ ဆပ်ပြာတော့မဖြေနဲ့ ဆိုဝောာ့
မီးရယ်
လေရယ်
မြေရယ်
အီလန်ရယ်တဲ့
အဖွားကြီးက နင့်ကြီးတော် အီလန်ပါလား
အီလန်နဲ့ ဆပ်ပြာဘာကွာလို့လဲ၊
တကထဲတော်......
ကျွန်တော်လည်းမရီပဲ မနေနိုင်တော့ဘူး
အဖွားကြီးမေးခွန်းကိုကလေးက ပြန်ဖြေတာပိုရီရသေးတယ်
သားသူငယ်ချင်းက မသိလို့ ဆရာက Hints ပေးတာလေ လက်ကိုဘာနဲ့ဆေးလဲဆို
အဲ့တာသားသူငယ်ချင်းက ဆပ်ပြာဖြေတော့ မဟုတ်ဘူးဆို
အာ့ကြောင့်သားက အီလန်လို့ဖြေတာလေ
အဖွားကြီးက လက်ကိုဆပ်ပြာနဲ့ အီလန် ဘာကွာလို့လဲ ငါထလုပ်လိုက်ရ
နင်တို့ကို ဘယ်သူသင်ပေးတာလဲ
ဟာ ဖွားဖွားပဲ မနေ့က သားတို့ကို
သင်ပေးတာလေ၊ လက်ကို ဆပ်ပြာနဲ့သေချာဆေးလို့ ပြောတာလေ၊ သားမှတ်မိတာပေါ့၊
အခုဆရာက လက်ကိုဘာနဲ့ဆေးလဲ မေးတော့ ဖွားဖွားသင်ပေးတာပဲဖြေတာလေ၊
အဖွားကြီးက ငါကနင်တို့ကို ဓာတ်ကြီးလေးပါးမှာ......
ထိုအချိန် သမီးဖြစ်သူက
"တော်ပါတော့အဖွားရယ်၊ ရီရတာလည်း အူတွေနာနေပါပြီ၊ ဆရာဆက်သင်ပါစေ"
ဆိုပြီးပြောတော့မှ ကျွန်တော်ပြောအလှည့်ပြန်ရောက်တယ်
ကျွန်တော်လည်း ရီရလွန်းလို့ ဗိုက်ကနာနေပြီ၊ မျက်နှာကြောကိုသတ်ပြီး.....
သားသားတို့မမှားပါဘူး
ဖွားဖွားလည်းမမှားဘူး
ဆရာမှားတာပြောရင်း
ဓာတ်ကြီးလေးပါးက
မီး၊ လေ၊ မြေ၊ ရေ
ရေနော် ကလေးတို့ ရေ၊ ဆပ်ပြာမဟုတ်ဘူး၊ ဟဟ
ကလေးတွေအတွေး၊ တစ်ခါတစ်လေ ကျွန်တော်တို့ မတွေးမိတာမျိုးတွေကို သူတို့လေးတွေ တွေးလိုက်တာ ချစ်စရာလေးတွေပါ.........
#မောင်ရှိန်း
