လေးစားပါတယ် ဘရို "ရာ၀ဏ"ရယ်......


 လေးစားပါတယ် ဘရို "ရာ၀ဏ"ရယ်......

••••••••••••••••••••••••••••••••••••••••••••••••

ဒီတစ်ခေါက်တော့ အချစ်အကြောင်းလေး ရေးချင်တယ်။


အချစ်ဆိုတာ ဘာလဲ၊ ဘယ်လိုလဲ ဆိုတာကို ကျွန်တော် သေသေချာချာ မသိကြောင်း ဦးစွာ ဝန်ခံပါရစေ။


ဟုတ်ပါတယ်။ ကျွန်တော်မသိဘူး ခင်ဗျ။


ကျွန်တော်သိတာက‌လေ••••••••


ကျွန်တော် သူ့ကို ချစ်တယ်လို့ ခံစားမိပြီးနောက်ပိုင်းမှာပေါ့-


သူ့ရဲ့ ဖြစ်တည်မှု အားလုံးကို ချစ်သွားတယ်ဆိုတာပါပဲ။


ကျွန်တော်သိတဲ့ အချစ်ဆိုတာ ဒီလောက်ပါပဲ။


သူ့အတွက်ဆိုရင် အသက်ဆိုတဲ့ လိပ်ပြာလေးကို မေ့သွားတာမျိုးလေး။


ဘာလို့လဲဆိုတော့ သူနဲ့ မျက်လုံးခြင်း ဆုံမိတဲ့အချိန်တိုင်း ကျွန်တော့်ရဲ့ ဝင်သက်ထွက်သက်တိုင်းဟာ ရပ်တန့်သွားတာကိုး။


ဒီတော့ သူက ကျွန်တော့်ရဲ့ အောက်စီဂျင်လိုပဲလား။ ဒါဆိုရင် တစ်ကယ်လို့ ဒီကမ္ဘာမြေကြီးမှာ အောက်စီဂျင် ပြတ်တောက်သွားခဲ့ရင် ကျွန်တော် မသေနိုင်တော့ဘူးပေါ့။


"အမုန်း"ဆိုတဲ့ အရာဟာ သူနဲ့တွေ့တဲ့အခါ ကျွန်တော့်ရဲ့ အဘိဓာန်မှာ မရှိတော့ဘူး။ 


သူနွေးထွေးဖို့အတွက်ဆိုရင် ကျွန်တော့်ကိုယ် ကျွန်တော် မီးရှို့ပေးနိုင်တယ်။ သူအနွေးဓာတ်ရဖို့ကိုပဲ ကျွန်တော်သိ‌တော့တယ်။


သူ့ကို လွမ်းနေရတာကလည်း ကျွန်တော့်အတွက် စည်းစိမ်တစ်မျိုးပါပဲ။


သူပြုံးလိုက်ရင် ‌ကျွန်တော့်ရင်ဘတ်ကြီး တစ်ခုလုံးဟာ အေးချမ်းသွားတယ်။


သူငိုလိုက်ရင် ကျွန်တော့်ရင်ဘတ်ထဲမှာ ချော်ရည်တွေ စီးဆင်းနေသလိုပဲ ပူလောင်သွားတယ်။


သူ့ဆံနွယ်တွေကို တိုက်ခက်လာတဲ့ လေဟာ လေပြေလေညှင်း‌လေးပဲ ဖြစ်ပါစေ။ လေစိမ်းဆိုရင်တော့ ကျွန်တော့် ရန်သူလိုပဲ စစ်ကြေညာလိုက်မယ်။


ဒါဆို ဒါက အချစ်ပေါ့နော်။


ကော်ဖီတစ်ခွက်ကို အရသာခံရင်း စာအုပ်လေးတစ်အုပ်ကို ဖတ်နေရတာ ကြိုက်တတ်တဲ့ ကျွန်တော်က သူနဲ့ပတ်သတ်လာရင်

 

တစ်ခါတစ်လေ စစ်သူကြီးဖြစ်သွားတယ်။

ရံဖန်ရံခါလည်း ပန်းလေးတွေကို ချစ်တတ်တဲ့ ဥယျာဉ်မှူး ဖြစ်သွားပြန်တယ်။


သူ့ရဲ့ လက်ဖျားလေးတွေကို ထိမိလိုက်ရုံနဲ့ ပျားရည်လို ချိုမြိန်ခြင်းကို ခံစားရပြီး ဝီစကီလို မူးရစ်မှုကိုလည်း ဖြစ်ပေါ်လာတယ်။


ကျွန်တော်ဟာ သူနဲ့ပတ်သတ်လာရင် အရူးတစ်ပိုင်းမဟုတ်ပဲ သွက်သွက်ခါအောင် ရူးသွားတတ်တယ်။


"ရာဝဏ"ဆိုတဲ့ ဘုန်းတန်ခိုးနဲ့ ပြည့်ဝတဲ့ လင်္ကာဒီပရဲ့ အရှင်သခင် ဒဿဂီရိ ဘုရင်မင်းမြတ်ကြီးဟာ သူသိပ်မြတ်နိုးရတဲ့ သီတာဒေဝီကို ဘာလို့ ရွှေလှောင်အိမ်ထဲ ထည့်ထားခဲ့တယ်ဆိုတာ ငယ်ငယ်က နားမလည်ခဲ့ပေမယ့် အခု‌တော့ ကျွန်တော်သဘောပေါက်ခဲ့ပါပြီ။


သူဆုံးရှုံးရမှာကို ကြောက်ခဲ့တာ၊ 

မပိုင်ဆိုင်ရမှာကို ကြောက်ခဲ့တာ၊ 

အချစ်မခံရမှာကို ကြောက်ခဲ့တာ 

ဒါပေမယ့် သူ့အသက်ကို စတေးဖို့အတွက်တော့ သူမကြောက်ခဲ့ဘူး။


လေးစားပါတယ် ဘရို ရာဝဏရယ်.........

လေးစားမိပါတယ် ဘုရင်ကြီး ဒဿဂီရိရယ်........


လူသားတွေ အချစ်ဆိုတာကို ပေးဆပ်ခြင်းပါ၊ ရယူခြင်းပါလို့ အငြင်းပွားနေကြတဲ့ အချိန်မှာ ကျွန်တော်ဟာ အချစ်အကြောင်း နားမလည်ပါကြောင်း အနည်းငယ် ရေးသားမိခဲ့ပါတယ်။


လေးစားစွာဖြင့်••••••••••


#မောင်ရှိန်း

25.08.2025