ပညာနားနီး ပညာ


 ပညာနားနီး ပညာ

••••••••••••••••••••••

ကျွန်တော်တို့ ငယ်စဉ်အခါမှ ယခုအချိန်ထိ အမြဲကြားဖူးနေသော စကားပုံတစ်ခုရှိသည်။ 

"တံငါနားနီး တံငါ"

"မုဆိုးနားနီး မုဆိုး" ဟူ၍ဖြစ်သည်။


သို့သော် "ပညာနားနီး ပညာ" ဟူသော ခေါင်းစဉ်ဖြင့် ကျွန်တော်အနည်းငယ် ပြောပြချင်သည်။


ပညာရှိ ပညာမဲ့ ဟူသော စကားအရ ကျောင်းပညာတစ်ခုတည်းကိုသာ တတ်ကျွမ်းသူနှင့် မတတ်ကျွမ်းသူဟူ၍ ခွဲခြားသည်မဟုတ်။ 

✅ဆင်ခြင်တုံတရား ရှိသူနှင့် မရှိသူ

✅စာနာစိတ် ရှိသူနှင် မရှိသူ

✅သူစိမ်းတစ်ယောက်အား ကိုယ့်သွေးသားကဲ့သို့ 

     ဆက်ဆံသူနှင့် မဆက်ဆံသူ

✅စေတနာ သဒ္ဒါတရား ထားနိုင်သူနှင့် မထားနိုင်သူ

✅မုဒိတာ ပွားနိုင်သူနှင့် မပွားနိုင်သူ

✅သဘောထား ကြီးမြတ်သူနှင့် သေးသိမ်သူ

✅အငုံစိတ် မနာလိုစိတ် ရှိသူနှင့် ကင်းမဲ့သူ

ဟူ၍ အရည်အချင်းများစွာကိုလည်း ပညာဟု ဆိုနိုင်သည်။ 


အမှန်ဆိုလျှင် ပညာရှိသူနား၊ ပညာတတ်သူနားသို့ ချဉ်းကပ်နိုင်ပါက ကျွန်တော်တို့ အသိဉာဏ်နှင့် စိတ်နေစိတ်ထားမှာ အလွန်သိသာစွာ ထက်မြတ်လာမည်။ 


ပညာမဲ့သူသည် ကံကောင်း၍သော်၎င်း၊ အဆက်သွယ်ကောင်း၍သော်၎င်း ရာထူးနေရာနှင့် ငွေကြေးအခြို့ ပိုင်ဆိုင်မှု ရရှိလာပါက အနည်းငယ် သိလာ၊ တတ်လာသောအခါဝယ် လွန်စွာ မောက်မာလာကြသည်။ သူတို့၏ လက်အောက်ငယ်သားများကို ကျွန်စနစ်ကျင့်သုံးကြ‌လေသည်။ 


သူ၏လက်အောက်ငယ်သားများသည် ပြောပြ၍မရသော မိသားစုအခက်အခဲများကြောင့် သည်းခံနေကြသည်ကို ထိုပညာမဲ့သူတို့ မသိနားမလည်ကြသည့်အပြင် သူ့တို့အား ကြောက်ရွံနေသည်ဟု ထင်ကြသည်။


လူတိုင်းတွင် သတ္တိရှိသည်။ တစ်နည်းပြောရလျှင် "ဇ" ရှိသည်။ အခြေအနေ အမျိုးမျိုးကြောင့်သာ နှုတ်ပိတ်၍ သည်းခံနေကြခြင်း ဖြစ်သည်။


ကိုယ့်ဒူးကိုယ်ချွန်၍ အမြင့်သို့တတ်လာခဲ့ကြသော ပညာရှိ ခေါင်းဆောင်များသည်ကား ဤသို့မဟုတ်။ သူတို့၏ ညီ၊ တူ၊ သား၊ သွေးသားအရင်းများ ကဲ့သို့ လက်အောက်ငယ်သားများကို သဘောထား၍ ဆူသင့်သလောက်ဆူ၊ ပေးသင့်သလောက်‌ပေးကာ လူကိုလူပုံစံ တန်ဖိုးထား ဆက်ဆံကြသည်။


ကျွန်တော်သည် လုပ်ငန်းခွင်တွင် ပညာမတတ်ပဲ ရာထူးရနေသော သူနှင့် အလုပ်တွဲ၍ လုပ်ဖူးသကဲ့သို့၊ ပညာရှိပြီး ရာထူးရနေသော အထက်အရာရှိများနှင့်လည်း အလုပ်အတူတွဲလုပ်ဖူးသည်။


လွန်စွာ ကွာ,ဟသည်။ အပြောအဆို၊ အနေအထိုင် အရာအားလုံး ရွှေနှင့် မစင် ကဲ့သို့ ကွဲပြားခြားနားသည်။


ပညာရှိတို့သည် တစ်ချက်ပြ၍ ဆယ်ချက်နားလည်စေရန် စေတနာရှေ့ထား၍ အသေးစိတ် နားလည်တတ်ကျွမ်းသည်အထိ အကြိမ်ကြိမ် သဘောထားကြီးစွာ ညီ/တူ/သား ကဲ့သို့သဘောထား၍ သင်ပြပေးသည်။


သင်ပြပြီးလျှင် ဂုဏ်မဆာ၊ ဆရာအတင်မခံ၊ နာမည်ကောင်းမယူလို၊ သူ့ကြောင့် တစ်စုံတစ်ယောက် နားလည်တတ်ကျွမ်းသွားပါက ပျော်နေတတ်ကြသည်။ 


ပညာမဲ့တို့က သူသိသကဲ့သို့ သိမည်ကို လွန်စွာ ကြောက်ရွံကြတယ်၊ သူ့ထက်သာမည်ကို စိုးရိမ်ကြသည်၊ အပေါ်ရံ မဖြစ်မနေသာသော ကိစ္စကိုသာ သူတို့သက်သာစေရန် ပြောပြသည်။ တစ်ကြိမ်မှ နှစ်ကြိမ်ဆိုလျှင် ဆဲဆိုကြိမ်းမောင်း၍ အများအရှေ့တွင် သူသာလျှင် တော်ကြောင်း၊ သင်ယူလွယ်ကြောင်း ဂုဏ်ဆာ၍ လက်အောက်ငယ်သားကို ဖိနှိပ်ကြသည်။


ထို့ကြောင့် ပညာရှိသူ အနီးအနားတွင် နေထိုင်ရခြင်းသည် ပညာတစ်ခုတည်းကိုသာ သင်ယူနေရသည် မဟုတ်ပဲ စိတ်နေစိတ်ထားနှင့် မြင့်မြတ်သော အကျင့်ကောင်းများကိုပါ ဘဝအတွက် လက်ဆောင်ရမည်ဖြစ်သည်။


➡️ဒေါသကို အပြုံးဖြင့် ဖုံးအုပ်ပါ။

➡️ဆန္ဒကို သိက္ခာဖြင့် ထိန်းသိမ်းပါ။

➡️ပညာကို စေတနာဖြင့် မျှ‌ဝေပါ။

➡️အမုန်းကို ဥပေက္ခာဖြင့် အဆုံးသတ်ပါ။

➡️နှုတ်ကို တိတ်ဆိတ်ခြင်းဖြင့် ဆင်ခြင်ပါ။


ထို့ကြောင့် "ပညာနားနီး ပညာ" ရမည် ဖြစ်သည်။


လေးစားစွာဖြင့်•••••••••••


#မောင်ရှိန်း

25.05.2025