ပင်လယ်ထဲမှ အပြစ်မဲ့ တရားခံများ


 ပင်လယ်ထဲမှ အပြစ်မဲ့ တရားခံများ

•••••••••••••••••••••••••••

ကျွန်တော်၏ မိတ်ဆွေနှင့် သူ၏ဇနီး ဖြစ်သူတို့ ပြဿနာဖြစ်ကာ ကျွန်တော်၏ မိတ်ဆွေသည် လုပ်ငန်းခွင်တွင် အမှားမှား အယွင်းယွင်းဖြင့် နေ့စဉ်ကျော်ဖြတ်နေခဲ့ရသည်။ ဤသည်ကို ကျွန်တော့်အား Viber မှ ရင်ဖွင့်လာသောကြောင့် ကျွန်ဝောာ် ဒီအကြောင်းလေးကို ကုန်ကြမ်းယူကာ ရေးဖြစ်သွားခြင်း ဖြစ်သည်။


ယခုတစ်ခေါက် ကျွန်တော်၏ ခရီးစဉ်သည် ယခင်အခေါက်များထက် အနည်းငယ် ပို၍ဝေးသည်။ 


ကိုရီးယားမှ Yellow Sea ကိုဖြတ်ကာ တရုတ်နိုင်ငံ RIZHAO သို့ လာသည်။ 

ထိုမှ ကုန်တင်၍ Hong Kong သို့ ဆက်သွားသည်။ 

ဟောင်ကောင်တွင် သင်္ဘောမောင်းနှင်ရန် လိုအပ်သော လောင်စာဆီကို ဝယ်ယူ၍ တောင်တရုတ် ပင်လယ်ကို ဖြတ်ကာ Vietnam (ဗီယက်နမ်) သို့ဆက်သွားသည်။ 


သို့သော် အရင်အခေါက်များကဲ့သို့ ဖုန်းလိုင်း တစ်ပတ်၊ ဆယ်ရက် မပြတ်တောက်‌တော့ပါ။ အကြောင်းကား ယခုအသစ်ရောက်ရှိလာသော မာလိန်မှူး ကပ္ပတိန်သည် ကုန်းမြေနှင့် အနီးဆုံးကပ်၍ သင်္ဘောမောင်းနှင်သည်။ ထို့ကြောင့် အနည်းဆုံး တစ်ရက်တွင် တစ်နာရီခန့် ဖုန်းလိုင်းမိသည်။ ရံဖန်ရံခါ နာရီပေါင်းများစွာ ဖုန်းလိုင်းမိနေသည်။


ဖုန်းလိုင်းမိနေသော်လည်း သင်္ဘောသားတို့မည်သည် အလှည့်ကျ ဂျူတီဝင်နေရသည်။ ထို့ကြောင့် လိုင်းမိနေသည့်အချိန်တွင် လုပ်ငန်းခွင်ထဲသို့ ဝင်နေရသည့်အချိန်နှင့် ဆုံသည်က များ၏။ ဂျူတီပြီးဆုံး၍ အနားယူချိန်တွင် ဖုန်းလိုင်းမမိဝောာ့သည့် အဖြစ်ကြောင့် အကြိမ်ကြိမ် ပေါက်ကွဲခဲ့ဖူးသည်။


သို့သော် ကျွန်တော်သည် ဖုန်းအင်တာနက်ကို အမြဲဖွင့်ထား၍ ကျွန်တော်၏ အခန်းထဲ၌ ထားခဲ့သည်။ လိုင်းမိခဲ့လျှင် ကျွန်တော့်အား Viber, Messenger, Whatapp, WeChat တစ်နေရာရာမှ တစ်စုံတစ်ယောက် စာပို့ထားလျှင် ကျွန်တော်မြင်နိုင်ရန်ဖြစ်သည်။ ကျွန်တော့်အနေဖြင့် စာပြန်ပို့ရန်မှာကား အခွင့်အရေး အလွန်နည်းလှ‌ပေသည်။


ဖုန်းလိုင်းမိတိုင်း၊ ကမ်းကပ်သည့်အခါတိုင်း၊ ကျွန်တော်တို့ ဖုန်းသုံးနေကြသည်မဟုတ်ပါ။ တစ်ခါတစ်ရံ အိပ်ချိန်နှင့် စားသောက်ချိန်ကို ပင် လွတ်ကြရသည်။ ထို့အတွက် အပိုငွေ ဘောနပ်စ်လည်းရသည်။ ထိုဘောနပ်စ်များကိုလည်း ကျွန်တော်တို့ မိသားစုဝင်များအတွက်ပင် စုဆောင်းထားတတ်ကြသည်။


ကျွန်တော်တို့သည် ဖုန်းလိုင်းမိနေသည်ကို သိရသောအခါ လုပ်ငန်းခွင်တွင် လွန်စွာ တတ်ကြွနေကြသည်။ အလုပ်ပြီးလျှင် ပြီးခြင်း ချစ်ရသူများကို ဆက်သွယ်ရန်အတွက် အားသွန်ခွန်စိုက် ကြိုးစားခဲ့ကြသည်။ 


သို့သော် အခွင့်အခါ မကြုံလိုက်၍ ဖုန်းသုံးမည့်အချိန်တွင်မှ ဖုန်းလိုင်းပြတ်တောက်သွားတတ်သည်။


သင်္ဘောသားတို့သည် ရက်ပေါင်းများစွာ မိသားစုနှင့် အဆက်သွယ်ပြတ်ကာ နေကြရပြီး ဖုန်းလိုင်းပြန်ရကြသည့်အခါဝယ် ဗိုက်လည်းမဆာ၊ အိပ်လည်းမငိုက်၊ ပင်ပန်းခြင်းများလည်း အလျင်းလုံးဝ မရှိတော့ပဲ မိသားစုဝင်များကို ပျော်ရွှင်ဝမ်းမြောက်စွာဖြင့် ဖုန်းပြော၍ဖြစ်စေ၊ စာပို့၍ဖြစ်စေ ဆက်သွယ်၍ စကားပြောဆိုကြသည်။


သင်္ဘောသား တခြို့ဆိုလျှင် သင်္ဘော၏ အမြင့်ဆုံးနေရာတွင်လည်း လိုင်းတတ်ဖမ်းကြသည်။ သင်္ဘော၏ အပူဆုံးနေရာတွင်လည်း လိုင်းရှာတတ်ကြသည်။ သင်္ဘော၏ အမှောင်ဆုံး နေရာတွင်လည်း လိုင်းမိနေမည်ထင်၍ လိုင်းရှာတတ်ကြသည်။ ထို့ကြောင့်လည်း မိတ်ဆွေတစ်ဦး၏ သားဖြစ်သူသည် ရရှားရေပိုင်နက်ထဲသို့ ပြုတ်ကျကာ အေးခဲပြီး သေဆုံးခဲ့ရသော အဖြစ်မျိုးလည်း ကြုံတွေ့ခဲ့ဖူးသည်။


ဤသည်ကို လူတိုင်းနားမလည်ပေးနိုင်ပါ။ တခြို့ဆိုလျှင် ကျွန်တော့်အား အပြစ်ပြောကြသည်။ 


"မင်းက ဖုန်းလိုင်းမိနေပြီး reply တောင် မပြန်နိုင်ဘူးနော်၊ စိတ်ဓာတ်ပဲဟျောင့်"


တခြို့က ကျွန်တော့်ကို တိုက်ရိုက်မပြော၊ ကျွန်တော်၏ နောက်ကွယ်တွင် အခြားသူအား ပြောပြကြသည်။


"ရှိန်းက ငါစာပို့ရင် စာမပြန်ဘူး၊ ရေကန်မြင့်ဝောာ့ ကြာမြင့်တာပေါ့၊ ‌ေ-သာက်ရောမဝင်ချင်တဲ့ အထာနဲ့" 


ပြောရမည်ဆိုလျှင် ကုန်မည်မဟုတ်။ ထိုသို့ပြောဆိုနေကြသူတို့ကို ကျွန်တော်အပြစ်မမြင်ပါ။ အဘယ်ကြောင့်ဆိုသော် သင်္ဘောသားမိသားစုဝင် ဖြစ်လျှက်နှင့်ပင် နားမလည်ပေးနိုင်သော သူအခြို့ကိုမြင်ဖူး၏။ မိမိ၏ လင်ယောက်ျား၊ ချစ်သူကိုပင် နားမလည်ပေးနိုင်ကြ။ ဖုန်းလိုင်းမိနေ၍ သူတို့အား မဆက်သွယ်ပါက 


"ဘယ်ကောင်မနဲ့ စကားပြောနေလဲ"

"ဖုန်းခေါ်နေဝာာကြာပြီ၊ ဖုန်းမကိုင်နိုင်ဘူးလား"

"နင်လိုင်းသုံးနေတာ ငါမသိဘူး ထင်နေလား"

ဟူ၍ အမျိုးမျိုး မြင်ဖူးသည်။


ဘယ်အချိန်က လိုင်းတတ်ပြီး၊ ဘယ်အချိန်လိုင်းဆင်းသွားသည်ကို အတိအကျ မှတ်ထား၍ အထောက်အထားများပြကာ ပြဿနာရှာနေသော ဇနီးမယားတခြို့ကို ကျွန်တော်၏နား၊ ကျွန်တော်၏ မျက်လုံးများဖြင့် ကိုယ်တိုင်မြင်ဖူး၊ ကြားဖူးပါသောကြောင့်


သင်္ဘောသားမိသားစုဝင် မဟုတ်သော အခြားမိတ်ဆွေများ အထင်အမြင်မှားနေကြသည့်အခါ ကျွန်တော် နားလည် ပေးနိုင်သည်။ သူတို့သည် မသိ၍၊ နားမလည်၍ အပြစ်မြင်နေကြခြင်း ဖြစ်သည်။


တစ်နေ့အခွင့်အခါ ကြုံကြိုက်လာပါက ကျွန်တော်သေချာစွာ ရှင်းပြရန်ကိုလည်း စီစဉ်ထားပါသည်။


ဖုန်းလိုင်းမိ၍ စာပို့နိုင်သော်လည်း၊ လုပ်ငန်းခွင်နှင့် ပင်လယ်ခရီးအခက်အခဲကြောင့် အဆက်သွယ် မလုပ်နိုင်ကြောင်း ကျွန်တော်၏ မိသားစုဝင်များကို လိုင်းရသည့်အချိန် သေချာစွာ ရှင်းပြထားသည်။


ကျွန်တော်၏ မိသားစုဝင်များသည် သူတို့ပို့လိုက်သော စာများ၊ ဓာတ်ပုံများကို ကျွန်တော်မြင်သည်ကို သိရသည်နှင့်ပင် လွန်စွာ ဝမ်းသာနေကြသည်။ 


ကျွန်တော်ပင်လယ်ခရီးကို စိတ်ဖြောင့်ဖြောင့်ဖြင့် ရွက်လွှင့်‌နေနိုင်သည်မှာ ကျွန်တော့် မိသားစုဝင်များ၏ စာနာနားလည်ပေးမှုကြောင့်လည်း ပါဝင်ပါသည်။


မိသားစုဝင်တိုင်း၊ မိတ်ဆွေတိုင်းအနေဖြင့် အထက်တွင် ကျွန်တော်ရေးသားခဲ့သည်များကို ဖတ်ရှုကြည့်ပြီးပါက ပင်လယ်သမုဒ္ဒရာထဲတွင် လှိုင်းဒဏ်လေဒဏ်များကြား ခွင့်ရက်၊ နားရက်မရှိ၊ မိသားစုအတွက် ကျရာတာဝန်အသီးသီးကို ကျေပွန်စွာ ကြိုးစား‌ ဆောင်ရွက်နေသော သင်္ဘောသားများအပေါ်သို့ "အပြစ်ရှိ တရားခံများ"ကဲ့သို့ မဆက်ဆံပဲ စာနာ နားလည်ပေးနိုင်ကြပါစေ။


စာကြွင်း။ ။မိသားစုဝင်တိုင်းကို မဆိုလိုပါ။

                    မိတ်ဆွေတိုင်းကို မဆိုလိုပါ။


လေးစားစွာဖြင့်••••••••


#မောင်ရှိန်း

၂၀.၀၈.၂၀၂၅