အောင်မြင်မှုက လက်တစ်ထွာအကွာမှာ စောင့်နေပါတယ်
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
လမ်းဘေးမှာ အင်္ကျီအနွမ်း၊ ပုဆိုးအပြဲကို ဒူးလောက်ဝတ်၊ မိုးရေတွေရွှဲပြီး ဈေးရောင်းနေတဲ့ နွမ်းပါးတဲ့ လူဆင်းရဲတစ်ယောက်က သက်တန်းရင့် အင်ဂျင်နီယာတစ်ယောက် သတိမထားမိပဲ ရက်ပေါင်းများစွာ ပြင်လို့မရတဲ့ စက်တစ်ခုကို (၁၅)မိနစ်လောက်နဲ့ ပြစ်ချက်ရှာပြီး ပြုပြင်လိုက်လို့ ကောင်းသွားတဲ့အချိန်
အင်ဂျင်နီယာက နွမ်းပါးသူကို လေးလေးစားစားနဲ့ "Who Are You" လို့ အမေးခံရဖို့အတွက် လူနွမ်းပါးလေးက ကိုယ့်ကိုယ်ကိုယ် "Who Am I" လို့ အကြိမ်ကြိမ်မေးခဲ့ရတယ်။
ပညာရပ်တစ်ခုခုကို တစ်စိုက်မတ်မတ် လေ့လာနေပါ။
ကျွမ်းကျင်အောင် အမြဲ ကြိုတင်ပြင်ဆင်ထားပါ မိတ်ဆွေ။
လူတိုင်းလူတိုင်း နေရာတစ်ခု၊ အောင်မြင်မှုတစ်ခုကို ရဖို့အတွက် အခွင့်အရေးတစ်ခု၊ အချိန်တစ်ခု လာလိမ့်မယ်။
စိတ်ရှည်သည်းခံစွာ စောင့်နိုင်ဖို့ပဲ အရေးကြီးပါတယ်။
ဒါပေမယ့် ငုတ်တုတ်ကြီး စောင့်နေလို့တော့ အဲဒီ့အောင်မြင်တဲ့ အချိန်တွေ၊ အခွင့်အလမ်းတွေ အကြိမ်ကြိမ်လာနေလည်း ပိုင်ဆိုင်လိုက်ရမှာမဟုတ်ဘူး။
ကြိုတင် ပြင်ဆင်ထားဖို့တော့ လိုတာပေါ့။
အမြဲ တွေးနေပါ။ အမြဲ သွေးနေပါ။
တွေးနေမှ တတ်မှာ။ သွေးနေမှ ထက်မှာ။
ဥပမာ••••••
ကျွန်တော်သိချင်တာ တစ်ခုရှိတယ်။
Generator (မီးစက်)က လျှပ်စစ်က
ဘယ်လိုဖြစ်တည်လာတာလဲ။
အရင်တွေးတယ်။
ပြီးတော့ လေ့လာတယ်။
ပြီးတော့ သိလာတယ်။
ပြီးတော့ အသေးစား စမ်းသပ်ကြည့်တယ်။
ကျရှုံးခဲ့တယ်။ အဖြေမှန်တယ်၊ Result ရလဒ်မှားတယ်၊ အမှားရှာတယ်၊ ပြန်စမ်းတယ်၊ ရလဒ်မထွက်ဘူး၊ အမှားထပ်ရှာတယ်၊ ပြင်ဆင်တယ်၊ လိုတိုး ပိုလျှော့လုပ်တယ်၊ မီးလင်းလာတယ်။ OK တယ်နော်။ ဒါတွေဖြစ်လာဖို့ အစက တွေးတောခြင်းက စတာပဲ။
အကြိမ်ကြိမ် လေ့ကျင့်တယ်၊
ကွမ်းယာရောင်းတဲ့ အချိန်တည်းက၊
Taxi မောင်းတဲ့ အချိန်တည်းက၊
ဝန်ထမ်း ဘဝတည်းက၊
လမ်းဘေးဈေးရောင်းတည်းက၊
အိမ်သာဆေး ရောင်းတည်းက လေ့လာနေတာ။
ညလုံးပေါက် မအိပ်ပဲ လေ့လာနေလို့ မနက်စောစော ထပြီး လေ့လာပါလားလို့ ပြောတဲ့သူကို ကျွန်တော်ပါးစပ်နဲ့ အဖြေမပေးခဲ့ဘူး။ အခု လက်တွေ့ပဲ ပြတယ်။ ညပိုင်းတိတ်ဆိတ်ချိန် လေ့လာခဲ့တာ မှန်လား၊ မှားလား ကျွန်တော် မသိဘူး။ ဒါပေမယ့် နေ့အချိန် ဝမ်းရေးအတွက် ရှာဖွေရတယ်။ ညပိုင်း တိတ်ဆိတ်နေတဲ့အချိန်က ကျွန်တော့်အတွက် သင်ယူလို့ အကောင်းဆုံး အချိန်ဆိုတာကို လူတိုင်းနားမလည်ခဲ့ဘူး။
ကွန်တာပျူတာ တစ်လုံးကို ကလိနေတယ်လို့ပဲ မြင်နိုင်တဲ့ လူတွေကို အချိန်ပေးပြီး ရှင်းပြနေမယ့်အစား code တွေကို သောင်းနဲ့ချီပြီး ရိုက်နေခဲ့တယ်။
ကျွန်တော့်ဘဝမှာ စုစုပေါင်း အလုပ်ကြမ်း (၁၄)ခု လုပ်ခဲ့ရတယ်၊ သေချာတွက်ရင် ဒီထက်ပိုတယ်။ ဝင်ငွေနည်းခဲ့တယ်၊ ဒါပေမယ့် ကျွန်တော် အင်ဂျင်တွေအကြောင်း၊ လျှပ်စစ်တွေ အကြောင်း၊ Circuit တွေအကြောင်း၊ Coding တွေအကြောင်း လေ့လာနေတာ မရပ်ခဲ့ဘူး၊ ဒီနေ့ ဒီအချိန် သင်္ဘောပေါ်မှာ ပြဿနာ အကြီးကြီးတစ်ခု ကြုံလိုက်ရတယ်၊ ကျွန်တော့်ရဲ့ (၁၃)နှစ်စာ ကြိုတင်ပြင်ဆင်ထားမှုက ဒီပြဿနာအတွက် အဖြေတွေရှိနေတယ်။
ကျွန်တော်ရဲ့ မသိစိတ်ကကော၊ သိစိတ်ကကော (၁၀)စုနှစ် တစ်ခုကျော် အချိန်ပေးပြီး လေ့လာသင်ယူ လေ့ကျင့်မှုတွေကို အသုံးချခဲ့တယ်။
ကျွန်တော်အပေါ်မှာ ရေးခဲ့တဲ့•••
နေရာတစ်ခု၊ အောင်မြင်မှုတစ်ခုက အချိန်တစ်ခုမှာ စောင့်နေတယ်ဆိုတဲ့ အချိန်ရောက်လာတယ်လို့ပဲ ပြောရမှာပေါ့။
ကျွန်တော် ရာထူး၊ လစာ ဆိုတာ ဘဝမှာ မထင်ထားတဲ့ အမြင့်တစ်ခုထိ ရသွားတယ်။ ဒါပေမယ့် ဒါက Target တော့မဟုတ်ဘူး။ ပထမ အနေနဲ့ အောင်မြင်တဲ့ ခြေလှမ်းသေးသေးလေးပေါ့။
ပြောချင်တာက ကြိုတင်ပြင်ဆင်ထားဖို့ လိုတယ်၊ အမြဲတွေးနေ၊ လေ့လာနေဖို့ အရေးကြီးတယ်ဆိုတာပါပဲ။ သွေးနေခဲ့လို့ ထက်နေတာ။
မွေးကတည်းက ပါလာတာ သာမာန်ဦးနောက် တစ်လုံးနဲ့ စိတ်အားထက်သန်မှု တစ်ခုပဲ။ အဲ့ထက်မပိုဘူး။
အဲဒီ့ စိတ်အားထက်သန်မှုက အရမ်း စွမ်းအားကြီးတယ်နော်၊ ကြိုးစားရင် ရလဒ်ရှိတယ်၊ အောင်မြင်မှုဆိုတာ လက်တစ်ထွာ အကွာလောက်မှာ အမြဲရှိနေတယ်ဆိုတာကို ပြောပြချင်တာပါ။
လေးစားစွာဖြင့်•••••••••
#မောင်ရှိန်း
30.08.2025
