မွှေးနီ
•••••••
ကျွန်တော့်ရဲ့ မဟေသီဇနီးချောလေးက ကျွန်တော့်ရဲ့အချစ်ဦးနဲ့ အချစ်ဆုံးလေးပါ။
သူ ကျွန်တော့်ကို ချစ်သူဘဝထဲက ယခုအချိန်ထိ
မကြာခနခေါ်တတ်တဲ့ အမည်လေးက "မွှေးနီ"
ဟုတ်သည်
သူကျွန်တော့်ကို တခါတရံ မွှေးနီလို့ ခေါ်သည်။
လွန်ခဲ့တဲ့ (၁၃)နှစ်က ချစ်သူဖြစ်,စ အချိန်ကပေါ့......
တက္ကသိုလ်ကျောင်းတော်ကြီးရဲ့ ကန်တင်းမှာ သူနဲ့ကျွန်တော် အတန်းပြီးလို့ ထမင်းစားချိန် ကျွန်တော့်ရဲ့လက်ကို စားသောက်ဆိုင်ရဲ့ စားပွဲပေါ် တင်ထားခဲ့တယ်။
ကန်သင်းရဲ့ နံရံက ဗီနိုင်းနဲ့ သစ်တွေ ရောကာထားတော့ နေရောင်ခြည်က လွတ်နေတဲ့နေရာကြားကနေ ကျွန်တော်လက်ပေါ် အလင်းကျနေတယ်။
အဲ့အချိန် ကျွန်တော့်ရဲ့ လက်မှာရှိတဲ့ အမွှေးအမဲလေးတွေကြားထဲ အမွှေးရွှေအိုရောင်တွေက သေးသေးလေးတွေ ပေါ်လာတယ်။
ဒီမြင်ကွင်းကို မဟေသီက သတိထားမိတယ်။ သူကသေချာကြည့်ပြီး ချစ်ချစ်လက်က အမွှေးလေးတွေက ရွှေရောင်တွေလည်းပါတယ်နော်တဲ့။ မပြီးသေးဘူး၊ နားထိပ်တွေ၊ ဂုတ်ကဆံပင်အဆုံးနား၊ နားထင်နားတွေပါ သူကတွေ့ကော။
အဲ့တာနဲ့ ကျွန်တော်လည်း ငယ်ငယ်က အမွှေးအမျှင်တွေ၊ ဆံပင်အဓိကပေါ့ ရွှေအိုရောင် အနီရောင်လို့ပြောပြတယ်။
အသက်ကြီးလာတာနဲ့ တဖြည်းဖြည်း အမဲဖက်ကို ကူးလာတဲ့အကြောင်းပြောပြတော့၊ သူလည်းနားထောင်ရင်း၊ စားစရာတွေ ရောက်လာတာနဲ့ စားသောက်ပြီး အတန်းတတ်ချိန်နီးနေပြီ ပြန်သွားမယ်ဆိုပြီး ငွေရှင်းထလာကြတာပေါ့။
လမ်းတဖက်ကနေ ကျောင်းတော်ကြီးဘက်ကို လမ်းကူးပြီး၊ လမ်းလျှောက်လာနေရင်း သရက်သီး၊ မရမ်းသီးတွေ ခုံပေါ်တင် စတီးဗန်းလေးနဲ့ရောင်းနေတာတွေ့တော့ မဟေသီက ခန၊ မုန့်ဝယ်မယ်ဆိုပြီးဝယ်၊ ကျွန်တော်ကဘေးကရပ်စောင့်၊ ပြီးတော့ငွေပေးနေတာနဲ့ ကျွန်တော်လည်းပြီးပြီထင်ပြီး ထွက်လာလိုက်တယ်။
အမှန်က ရောင်းသူအန်တီကြီးက ငွေအန်းနေတုန်း။ မဟေသီက ကျန်ခဲ့တယ်။ ခြေလှန်းငါးလှန်းလောက်လှန်းပြီးရုံပဲရှိသေးတယ်၊ ကျန်ခဲ့တဲ့မဟေသီက၊ ကျွန်တော့်ကို "ဟဲ့မွှေးနီ၊ ခဏစောင့်ဦးတဲ့"
အဲ့ကနေစပြီး မွှေးနီဆိုပြီး အမည်တွင်လာတာပါပဲ။
အိမ်ထောင်ကျပြီး အဲ့နာမည်ကတော်ရုံ မခေါ်ဖြစ်ဘူး။ ကျွန်တော်စိတ်ဆိုးနေလို့ မျက်နှာပုတ်နေတဲ့အချိန်မှ "ချစ်ချစ်"ဆိုတဲ့အခေါ်ပျောက်၊ "မွှေးနီ"ဆိုပြီး အခေါ်ရောက်လာတယ်။
အဲ့လိုခေါ်လိုက်ရင် ကျွန်တော်မပြုံးပဲမနေနိုင်ဘူး။ သူတစ်ယောက်ထဲ အရင်ကကော၊ အခုချိန်ထိကော ခေါ်တဲ့နာမည်လေး၊ ကျွန်တော်ကြိုက်တယ်။ ကျွန်တော်တို့ရဲ့ အမှတ်တရတွေထဲက တစ်ခုပေါ့။
ပင်လယ်ထဲမှာ တစ်ယောက်တည်းရှိနေတဲ့ ယခုလိုအချိန်တွေမှာ
တချိန်က အမှတ်တရတစ်ခုကို သတိရရင်း
အလွမ်းများစွာဖြင့်••••••••••••
#မောင်ရှိန်း
26.07.2025
