နှလုံးသားဖြင့် ရေးခဲ့သည်
•••••••••••••••••••••••••••••••
ကျွန်တော်ပျိုးခဲ့တဲ့ အပင်လေးကို
ကျွန်တော်ပဲ ဖျက်စီးခဲ့မိတယ်
(28.06.2025) ကြေကွဲခဲ့ရတဲ့ နေ့လေးတစ်နေ့........
ကျွန်တော်အခု တောင်တရုတ်ပင်လယ်ထဲမှာ ရွက်လွှင့်နေတာ (12)ရက်တိတိရှိခဲ့ပြီ.......
ဂျပန် အိုမိုရီ မှ ဗီယက်နမ်သွားနေတာပေါ့။
အပင်လေးတွေအကြောင်း မပြောခင် ကျွန်တော့်လက်ရှိ ခရီးစဉ်အကြောင်း ဖော်ပြချင်သည်.......
အများပြောသော အခေါ်အဝေါ်အရ ကျွန်တော်သည် ပင်လယ်ပျော် သင်္ဘောသားတစ်ယောက်ဖြစ်သည်။
International Marine Engineer ဖြစ်သည်။
ဒီတစ်ခါ ကျွန်တော်စာချုပ် ချုပ်ဆိုလိုက်တဲ့ သင်္ဘောက ကုန်တင်သင်္ဘော Bulk Carrier အမျိုးအစားပါ။ ခရီးစဉ်တွေက ထိုင်း၊ ကမ်ဘောဒီးယား၊ ဗီယက်နမ်၊ တရုတ်၊ ဖီလစ်ပိုင်၊ ထိုင်ဝမ်၊ ဂျပန်နှင့် ကိုရီးယား........
တောင်တရုတ်ပင်လယ်ရဲ့ ပြင်းထန်လွန်းလှတဲ့ ပြန်လမ်းမရှိတော့ဘူးလို့ ထင်ရလောက်တဲ့ မုန်တိုင်းကြီးတွေကြား အကြိမ်ကြိမ်ဖြတ်ကျော်ပြီး သတ္တု၊ ကျောက်၊ သကြားနှင့် ကုန်အမျိုးစုံကို တစ်ကြိမ်နှင့်တစ်ကြိမ် မတူအောင်တင်ပြီး တစ်နိုင်ငံပြီးတစ်နိုင်ငံ ပို့ဆောင်နေရတဲ့ သင်္ဘောကြီးပေါ်မှာ အငယ်တန်းအင်ဂျင်နီယာရာထူးဖြင့် တာဝန်ထမ်းဆောင်နေသည်မှာ ယခုဆို(၄)လခန့် ရှိခဲ့ပြီ....
အရင်သင်္ဘောတွေနဲ့မတူတာ တစ်ချက်က ဒီတစ်ကြိမ်မှာ တရုတ်နိုင်ငံပိုင် သင်္ဘောဖြစ်သည့်အလျောက် တရုတ်လူမျိုး အရာရှိများနှင့် အလုပ်အတူ တွဲလုပ်ရသည်။
တရုတ်လူမျိုးများနှင့် ပထမဆုံးအကြိမ် အလုပ်လုပ်ဖူးခြင်းဖြစ်သည်။ ဟုတ်သည်။ ယခင်သင်္ဘောများတွင် ဖီလစ်ပိုင်လူမျိုး၊ အိန္ဒိယ၊ အင်ဒိုနီးရှား ၊ဗီယက်နမ် ၊သီရိလင်္ကာနှင့် မြန်မာလူမျိုးများဖြစ်သည်။ ဒီတစ်ကြိမ်သည် တရုတ်လူမျိုး (၁၃)ယောက်နှင့်အတူ ကျွန်တော်မြန်မာတစ်ယောက်ထဲဖြစ်သည်။
ဘာသာစကားအခက်အခဲရှိသည်။
ကျွန်တော်သည် မြန်မာစကားအပြင် ကျွမ်းကျင်သော ဘာသာစကားမှာ အင်္ဂလိပ်ဘာသာစကားဖြစ်ပြီး၊ အင်ဒိုမလေးစကားကို လုပ်ငန်းသုံးနှင့် ထမင်းစားရေသောက်သာ ပြောတတ်သည်။ တရုတ်ဘာသာစကားကို လုံးဝနားမလည်ပါ။ တရုတ်လူမျိုးတို့သည်လည်း အင်္ဂလိပ်အလွန် အားနည်းသည်။ အရာရှိအခြို့ လုပ်ငန်းအတွက်ပြောဆိုသည်မှလွဲ၍ အပိုပြောရန် အခက်အခဲရှိသည်။
ထို့ကြောင့် ကျွန်တော့်အတွက် တစ်ရက်တာ (၂၄)နာရီတွင် ပြောသောစကားပေါင်း လက်ချိုးရေတွက်၍ရသည်။ ဥပမာ......
***SHANE (ရှိန်း)
***Yes
***Please you check temperature
***Normal Sir
***Thank you SHANE
ထိုထက်မပိုသော အခြေနေဖြင့် သုံးလကျော်ခဲ့ပြီ....လိုင်းရတဲ့အချိန် မိသားစုနဲ့စကားပြော၊ လိုင်းမရတဲ့အချိန်နှုတ်ဆိတ်နေရသည်။ ပြဿနာမရှိ။ ကျွန်တော်စာဖတ်သည်။
ပါပီလွန်နှင့် ဗင်ဂို
ပေါ်လီယာနာ
ခရစ်စ်တိုဖာ ကိုလမ်ဘက်စ်
ရော့ဘင်စင် ကရူးစိုး
မာကိုပိုလို
ပင်လယ်ပြာနှင့် တံငါအို
ထိုစာအုပ်များကို မြန်မာပြန် ဖတ်သည်။ ထို့အပြင် အခြားသောစာအုပ်ပေါင်း(၂၀၀)ကျော်လောက်ကိုလည်းဖတ်သည်။
စာဖတ်ရများလာလျှင် စာရေးသည်....
တခါတရံ စက်ခန်းထဲမှ စက်များပြုပြင်ရန်နှင့် မွန်းမံရန်အစီစဉ်ဆွဲသည်။
ကျွန်တော်စကားမပြောရလို့ ပြသနာမရှိခဲ့ပါဘူး။ ကျွန်တော်အပေါ်မှာပြောခဲ့သလို တခြားသော အကျိုးရှိတဲ့ အလုပ်တွေနဲ့ နားချိန်ကို ကုန်ဆုံးစေခဲ့တယ်။ ဒါပေမယ့် ဂျပန်၊ ဝါကာရာမာရောက်တော့ အပင်စိုက်ဖို့ စိတ်ကူးရခဲ့တယ်၊ ရှားစောင်းပင် အတတ်လေးတခုချိုးခဲ့ပြီး ဆိပ်ကမ်းက သဲနည်းနည်းနဲ့ စိုက်ဖြစ်တယ်၊ အဲ့ဒီ့ကနေ ဂျပန်၊ အိုမိုရီရောက်တော့ မြေကြီး(၃)ပိဿာလောက် ထပ်သယ်ပြီး အခန်းထဲမှာ ရေသန့်ဘူးတွေနဲ့ပန်းအိုးလုပ်ပြီး ကျွန်တော်စားပြီးသမျှ အသီးတွေက အစေ့တွေကိုကျဲထားလိုက်တယ်။
ကျွန်တော်အဖော်ရပြီ၊ စကားပြောဖော်၊ ကရုစိုက်ပေးစရာ၊ ပြီးတော့ကြည်နူးစရာပေါ့........
(28.06.2025)
ကြေကွဲဇာတ်လမ်း အစပျိုးခဲ့မိတာပေါ့
---------------------------------------------------------
ကျွန်တော် မကောင်းတာပါ
အပင်တွေကို ဘာလို့သတ်လိုက်ရတာလဲ❓
ဂဃနဏ နားမလည်လို့ အမှားဖစ်သွားခဲ့တယ်လို့ ဆိုရမယ်----
အသီးကနေ အစေ့ထုတ်တယ်.....
အစေ့ကို တစ်သျှူးထဲ ထည့်ပျိုးတယ်......
အညှောင့်ထွက်လာတော့ မြေကြီးထဲထည့်စိုက်တယ်........
ပုံမှန် (မနက်/ညနေ) ရေလောင်းတယ်......
အလင်းရောင်သင့်တဲ့ ပြတင်းပေါက်နားမှာထားတယ်.....
မှန်တယ် အဆင့်ဆင့်.......
အပင်အဖြစ်ပြောင်းလဲသွားတယ်.......
သိပ်ပျော်ရတယ်.........
အပင်တွေ တနေ့ထက်တနေ့ကြီးလာတယ်
ကြည်နူးရတယ်.........
အခုမှ အမှားက စပြီ.....
အပင်တွေ ထပ်မကြီးလာတော့ဘူး....
ဘာလို့လဲ ဪဒီအဆင့်မှာ ကြာသလားပေါ့
အပင်စိုက်ပျိုးနည်း အကြောင်း
ကျွန်တော်..မကျွမ်းကျင်ပါ....
ကျွန်တော် နားမလည်ပါ.....
သူတို့တွေ ကျွန်တော့်ကိုစောင့်တယ်.....
ကျွန်တော် အကူညီ မပေးနိုင်ခဲ့ဘူး.....
သူတို့ဆက်မကြီးတာ ဘာကြောင့်လဲ ကျွန်တော် မသိခဲ့ဘူး.......
သူတို့တွေ ကျွန်တော့်ကိုစောင့်ရင်း အရွက်ထိပ်ဖျားတွေခြောက်လာတယ် အပင်လေးတွေ ကြုံ့သွားတယ်......
အလင်းရောင်ရှိတဲ့အရပ်ကို မလှည့်တော့ပဲ ငြိမ်နေတယ်......
ကျွန်တော်သိပြီ သူတို့မြေဆီလွှာ မလောက်လို့ အာဟာရပြတ်ပြီး မရှင်သန်နိုင်တော့တာ
သိပ်နောက်ကျသွားပီ.......
ကျွန်တော်ကယ်တယ်၊ ကျွန်တော်ခေါ်တယ် သူတို့ဦးစိုက်သွားပီ သူတို့ခါးကြိုးသွားပီ
သူတို့စောင့်ခဲ့ရတဲ့ရက် ပြည့်သွားပြီ
သူတို့ ကြီးထွားမှုရပ်ပြီး မှိုင်နေသောအချိန်ကသာ ကျွန်တော်သတိထားမိခဲ့လျှင် မြေကြီးများများနှင့် အိုးပြောင်းပေးလိုက်လျှင် သူတို့ဆက်လက်ရှင်သန်နေကြမှာ......
ကျွန်တော်လည်း သိပ်ပျော်ရွှင်နေရမှာလေ
အခုတော့ အသိနောက်ကျတယ်......
ကျွန်တော့်လက်နဲ့ကျွန်တော် အသက်တန်းပြီး မသေမရှင်ဖြစ်နေတဲ့ သူတို့လေးတွေကို အဆုံးသတ်ပေးလိုက်ရတယ်.....
အိုးနိမ့်တော့ မြေနိမ့်တယ်
မြေနိမ့်တော့ အမြစ်ဆက်သွားစရာ နေရာမရှိတော့ဘူး ရေပြတ်တယ် အစာပြတ်တယ်ပေါ့ အဲ့သဘောဖြစ်သွားတယ်....
ဝမ်းနည်းတယ်.... မငိုပဲ မျက်ရည်ကျလာတယ်.....
ကျွန်တော်ပျိုးတဲ့ပန်းလေးတွေကို
ကျွန်တော်ကိုယ်တိုင် ပြန်သတ်ခဲ့ရတယ်.......
ကြေကွဲလိုက်ရတာ....ဝမ်းနည်းလိုက်ရတာ
ကျွန်တော့်ရဲ့ စကားပြောဖော်လေးတွေ...
ကျွန်တော် ကော်ဖီသောက်ရင်း အလုပ်ရဲ့ပင်ပန်းမှုတွေကို သူတို့ကိုပြောပြပြီး အပန်းဖြေခဲ့တာတွေ သတိရတော့ မငိုပဲ မျက်ရည်ကျမိတယ်....
နောက်နေ့ ပေါ်လီယာနာ စာအုပ်ဖတ်ခဲ့တယ်
စာအုပ်ထဲက ဝမ်းသာစရာကစားနည်းကို ကျွန်တော်တွေ့ခဲ့တယ်......
လက်တွေ့ကျင့်သုံးခဲ့တယ်.....
ဖြစ်သမျှအရာအပေါ် ဝမ်းနည်းမနေပဲ
ဝမ်းသာစရာရှာရတဲ့ ကစားနည်းပေါ့....
ဒီလိုနဲ့ကျွန်တော် ကစားခဲ့တယ်
အတွေးတွေပြောင်းလဲလိုက်တယ်
အလုပ်ကနေ ပညာရတာပေါ့ကွာ
နောက်တစ်ခါ ဒီထက်ကောင်းအောင် ကြိုးစားမယ်
ငါအသစ်ပြန်စိုက်မယ်
ဟုတ်တယ် ပြန်စိုက်မယ်
ကျွန်တော်သည် စိတ်ပျော့ညံ့၍ ငိုခဲ့သည်မဟုတ်ပါ
ပေ (၃၀)အထက်မြင့်သော
လှိုင်းလုံးကြီးများကြားထဲတွင်
ရှေ့နောက် ဘယ်ညာ ယိမ်းထိုးနေတဲ့ သင်္ဘောကြီးပေါ်မှာ
ဘယ်နေ့ဘယ်အချိန်
ဘယ်လိုသေပွဲဝင်ရမလဲမသိပဲ
သေရမည့်နေ့ကို ထိုင်စောင့်နေရသည့်အလား
ဘဝကို ဖြတ်ကျော်နေရတဲ့
ပင်လယ်ကူး သင်္ဘောသားတစ်ယောက်ပါ
စိတ်မပျော့ညံ့ပါဘူး
ဒါပေမယ့်
သံယောဇဉ် ဪ ဒီသံယောဇဉ်ဆိုတာ အလွန်ကြီးမားလှပါလား
လူသားတွေ တစ်ယောက်နဲ့တစ်ယောက် အချစ်တွေခိုင်မြဲနေကြတာ
နားလည်မှုတွေပေးနေကြတာဟာ သံယောဇဉ်ကြိုးလေး တစ်ချောင်းကြောင့်ပါ
ဒီသံယောဇဉ်သည် အလွန်ခိုင်မာသောအရာဖြစ်သည်။
ဟုတ်သည်၊ မှန်သည်။
ကျွန်တော်ကျခဲ့တဲ့ မျက်ရည်တွေက အပင်လေးတွေအပေါ် ကျွန်တော့်ရဲ့မသိစိတ်က ချည်နှောင်မိတဲ့ သံယောဇဉ်လေးတွေကြောင့်သာဖြစ်သည်။
သူတို့လေးတွေက သက်ရှိသတ္တဝါလေးတွေပါ....
နေရောင်ခြည်ရှိရာအရပ်ကို မျက်နှာမူကြတယ်....
ညဘက်အပင်က အပေါ်တည့်တည့်ပဲ....
မနက်မိုးလင်း နေရောင်ချည်ရရင် အလင်းရောင်ရှိရာဘက်ကို မျက်နှာမူသွားကြတယ်.....
လေထုကညစ်ညမ်းမှုတွေကို စုတ်ယူပြီး ကျွန်တော်တို့အတွက် သန့်ရှင်းလတ်ဆတ်တဲ့ အောက်စီဂျင်ကို ပြန်ထုတ်ပေးနေတဲ့ သက်ရှိလေးတွေပါ.....
မြေကြီးထဲတွင် အမြစ်များ ခိုင်မာစွာရှိနေပြီး
ရေကိုလည်း သောက်သုံးနေတဲ့
သက်ရှိသတ္တဝါလေးတွေပေါ့ဗျာ.......
သူတို့လေးတွေကို သတိရ တမ်းတမိခြင်းကြောင့်
နှလုံးသားဖြင့် ရေးခဲ့သည်••••••••
#မောင်ရှိန်း
ဓာတ်ပုံသည် လက်ရှိတောင်တရုတ်ပင်လယ်ထဲတွင် ကျွန်တော်နှင့်အတူ ရွက်လွင့်နေသော လိမ္မော်ပင်နှင့် ရှာစောင်းပင်များဖြစ်သည်။ နှင်းဆီအဖြူမှာ စက္ကူပန်းဖြစ်သည်။
