နေရာပြောင်းပြီး တွေးကြရအောင်


 နေရာပြောင်းပြီး တွေးကြရအောင်

•••••••••••••••••••••••••••••••

ဒီတစ်ခေါက် မျှဝေချင်တဲ့ အကြောင်းအရာလေးကဝောာ့ "နေရာပြောင်းပြီး တွေးကြရအောင်" ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြောပြသွားမယ်နော်။


ကျွန်တော်တို့တွေ နေ့စဉ်ပြုလုပ်နေတဲ့ အလုပ်တစ်ခုရှိတယ်။ 

အဲ့ဒါက ကျွန်တော်တို့ရဲ့ ရှေ့မှာရှိတဲ့သူ‌တွေကို၊ နောက်ကွယ်ကသူတွေကို ဒါမှမဟုတ် Social Media တွေမှာ‌ အထူးသဖြင့် Facebook, TikTok တွေရဲ့ Comment Box တွေမှာပေါ့။ 

ဒီ‌လိုနေရာတွေမှာ တစ်ဖက်သူကို အစွမ်းကုန် ဝေဖန်တယ်၊ ကဲ့ရဲ့တယ်၊ အပြစ်တင်တယ်၊ မေးခွန်းတွေထုတ်ကြတယ်ဗျာ။ ကျွန်တော်အပါအဝင် (၁၀၀)မှာ (၈၅)ရာခိုင်နှုန်း လုပ်ကြတယ်။


ဒါကို ကောင်းလား၊ ဆိုးလား ကျွန်တော်မပြောဘူး။ 

ကျွန်တော်ပြောမှာက နေရာပြောင်းသုံးလိုက်ရင်တော့ ၁၀၀% ကောင်းမယ်ဆိုတာတော့ ကျွန်တော် အာမခံနိုင်တယ်။


ဥပမာ••••••ယနေ့ခေတ် လူငယ်တော်တော်များများက စကားပြောရင် အဆဲပါကြတယ်။ ဟုတ်ပြီနော်။ အဲ့လိုဆဲဆိုခြင်းကို စကား‌လုံးတွေနဲ့ ရောညှပ်ပြီး ပြောတာများတော့ ဆဲတယ်ဆိုတဲ့ အဓိပ္ပါယ်ပျောက်လာပြီး နေ့စဉ်သုံးစကားတစ်ခုလို ဖြစ်လာတယ်။


ဆယ်ကျော်သက်တွေ ဝိုင်းဖွဲ့ပြီး ဂိမ်းဆော့နေတဲ့နေရာ သွားကြည့်ပါ မိတ်ဆွေ၊ ဘောလုံးကန်နေကြတဲ့ သူတွေနား သွားကြည့်ပါ မိတ်ဆွေ။ မိတ်ဆွေ ကြားရပါလိမ့်မယ်။ အဆဲဆိုတာ ဆဲမှန်းမသိအောင် ပါးစပ်ထဲက အကြိမ်ပေါင်းများစွာ ပြောနေကြတယ်။


ဒါက ပြဿနာတစ်ခု မဟုတ်ဘူး။ ဒါပေမယ့် ဆယ်လီတစ်ယောက်က Social Media မှာ ဆဲလိုက်တဲ့အခါ••••••••

လာပါပြီဗျာ ကီးဘုတ်ဖိုက်တာတွေ...........

"ရိုင်းလိုက်တာ"

"အစတည်းက မကြိုက်တာ၊ ခုဆိုပိုဆိုး"

"မပြောသင့်ပါဘူးနော်"

"ဟာ ဒီကောင်က ဘာလဲ"

"ပရိတ်သတ်ကို ကရုမစိုက်တာလား"

ဆိုတဲ့ ဆိုတဲ့ ဝေဖန်ခြင်း၊ ကဲ့ရဲ့ခြင်း၊ အပြစ်တင်ခြင်း၊ မေးခွန်းမေးခြင်းတွေ ထောင်ပေါင်းများစွာ လုပ်ကြပါတယ်။


ဟုတ်ပါတယ်၊ ဘယ်သူမှန်လဲ၊ ဘယ်သူမှားလဲ၊ ကျွန်တော်မပြောဘူးနော်၊ ကျွန်တော်ပြောမှာက နေရာပြောင်းကြရအောင်။


ဂိမ်းဆော့ရင်း ဆဲနေကြတယ် ညီငယ်တွေ၊ အကိုတွေ ခင်ဗျာ၊ ကျွန်တော်တို့ ပါးစပ်က ဆဲမိတဲ့အချိန်တိုင်း "ဟာ၊ ငါက မိုက်ရိုင်းလိုက်တာ၊ ငါမဆဲသင့်ဘူးလေ၊ ငါထိုင်နေတဲ့ လဖ္ဘက်ရည်ဆိုင်မှာ ဘေးဝိုင်းက လူကြီးတွေကို လေးစားရမယ်" ဆိုပြီး နေရာပြောင်းပြီး မိမိကိုယ်ကိုယ် ပြောကြည့်ပါ။


နောက်ဥပမာတစ်ခု ပြောပြချင်ပါတယ်။


ဒါကတော့ ကျွန်တော် အဓိကပြောချင်တဲ့ အကြောင်းပေါ့နော်။

ကိုယ့်ရှေ့က လူတစ်ယောက်‌ယောက်က ကိစ္စတစ်ခု၊ အလုပ်တစ်ခုကို မသိတဲ့အခါ "မင်းက ဒါလေးတောင် နားမလည်ဘူးလား" ဆိုတဲ့ မေးခွန်းတွေနဲ့ ကျွန်တော်တို့က အပြစ်တင်တတ်ကြတယ်။ ဒါဆို နေရာပြောင်းကြရအောင် မိတ်ဆွေ။


မိတ်ဆွေက အထည်လောကမှာ သိပ်ပြီး Experience ရှိတယ်၊ ကျွမ်းကျင်တယ်ပေါ့ဗျာ။ ကိုယ့်စီးပွားရေးမှာ ဆရာတစ်ပါးပဲပေါ့။ ဒီတော့ ကိုယ့်ရှေ့က သူက ချည်သားနဲ့ ဆွဲသားကို နားမလည်တဲ့အခါ မိတ်ဆွေအနေနဲ့ အရမ်းလွယ်နေတဲ့ ကိစ္စကို သူက နားမလည်တာနဲ့ "မင်းက ဒါလေးတောင် နားမလည်ဘူးလား၊ မသိဘူးလား" လို့ ပြောကြတယ်။


ဒါဆို မိတ်ဆွေ ကားမောင်းရင်း ပျက်သွားလို့ ဝေါ့ရှော့ပို့ရတယ် ဆိုပါစို့။ စက်ပြင်ဆရာက မိတ်ဆွေကို ဘထ္ထရီခေါင်းလေး ချောင်သွားရုံနဲ့ ဝေါ့ရှော့ပို့တဲ့အတွက် "မင်းက ဒါလေးဝောာင် နားမလည်ဘူးလား" ဆိုပြီး ပြောပါ့မလား။ 


စဉ်းစားကြည့်ပါ မိတ်ဆွေ။ မိတ်ဆွေအတွက် အရမ်းလွယ်ပေမယ့် တစ်ဖက်သူ အနေနဲ့ကြည့်မယ်ဆိုရင် သူကျွမ်းကျင်တဲ့ နယ်ပယ်မဟုတ်တဲ့အတွက် သူမသိနိုင်ဘူး၊ နားမလည်နိုင်ဘူးဗျာ။ ဒါကို ကျွန်တော်တို့က နေရာပြောင်းကြည့်ပြီး ဖြည့်တွေးပေးရမှာပေါ့နော်။


မိတ်ဆွေ ကျွမ်းကျင်တဲ့ နယ်ပယ်မှာ မိတ်ဆွေက ဘုရင်တစ်ပါး ကျားတစ်ကောင် ဖြစ်နေပေမယ့် 


မိတ်ဆွေ မကျွမ်းကျင်တဲ့နေရာမှာတော့ ယုန်တစ်ကောင်လို ဖြစ်‌နေမယ် မဟုတ်လား။


ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ရှေ့က လူကို တစ်ခုခု ပြစ်တင် ဝေဖန် ကဲ့ရဲ့တော့မယ်ဆိုရင် (၅)စက္ကန့်လောက်၊ အများကြီးမဟုတ်ဘူးနော် (၅)စက္ကန့်လောက်ပဲ မပြောပဲ သည်းခံလိုက်ပါ။ ပြီးရင် ထားလိုက်ပါလေဆိုပြီး ‌မပြောပဲ စိတ်ကို၊ ပါးစပ်ကို ထိန်းကြည့်လိုက်ပါ။


အဲ့ဒီ့ (၅)စက္ကန့်မှာ သူ့နေရာမှာ ငါသာဆိုရင် ဆိုတဲ့ စိတ်လေး မွေးမြူကြည့်လိုက်ပါ။


မိတ်ဆွေ နေရာပြောင်းပြီး တွေးကြည့်ပါ။


ထို့ကြောင့် ယနေ့မှ စပြီ ကျွန်တော်တို့တွေ  "နေရာပြောင်းပြီး တွေးကြရအောင်"


လေးစားစွာဖြင့်••••••••


#မောင်ရှိန်း


www.shaneminphyo1994.blogspot.com


02.09.2025