ဘယ်က,စပြီး စာဖတ်ရမလဲ


ဘယ်က,စပြီး စာဖတ်ရမလဲ
••••••••••••••••••••••••••••••••••••
ဒီအကြောင်းလေးရေးဖို့ တော်တော်အရှိန်ကော အချိန်ကော ယူခဲ့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ အပြောမတတ်ရင် ဆဲခံရမယ်၊ အနက်အဓိပ္ပါယ် မပေါ်လွင်ရင် ရေးတင်တာအလကားဖြစ်မယ်။ အဲ့‌ဒါကြောင့်မရေးပဲနေလိုက်တယ်။

ရေးချင်နေလို့ပဲလား မသိဘူး။ ဒီရက်ပိုင်း ကျွန်တော်နဲ့ ရွယ်တူ လူငယ်တခြို့ ပို့စ်တင်ထားတာတွေ တွေ့နေတာ အကြိမ်ကြိမ်ပဲ။ မေးခွန်းတွေက•••••
(1) စိတ်ဓာတ်ကျနေလို့ ဘယ်လိုစာအုပ်‌တွေဖတ်ရမလဲ
(2) စာဖတ်ချင်လို့ ဘယ်က,စပြီး ဖတ်ရမလဲ
(3) စာအရှည်ကြီးတွေက ပျင်းတယ်၊ တခြို့ဟာတွေ နားမလည်ဘူး၊ စာဖတ်တဲ့ အကျင့်လည်းရချင်တယ်

ဒါက အတိုချုပ်ပြောပြတာပါ။ မေးထားသူတွေကတော့ အများကြီးပဲ။ မန့်တွေဝင်ကြည့်တော့လဲ အခုမှ စာဖတ်မယ့်သူကို သိုးဆောင်းရဲ့ အကြင်သူသည် စာအုပ်ကို ညွှန်းတာတွေ့ရဝောာ့ သက်ပြင်းချမိတယ်။ အကြင်သူသည်စာအုပ်ကို ဒီလိုဝတ္ထုကို ဖတ်မယ်ဆိုရင် စာဖတ်အလေ့အကျင့်ရှိနေမှ ဖတ်သင့်တယ်လို့ ကျွန်တော်ကတော့ ယူဆတာပေါ့။ ဘာလို့လဲဆိုတော့ အသေးစိတ်ရေးထားတယ်၊ ဇာတ်ရေလည်အောင်ဖတ်ရတယ်၊ ရုပ်ရှင်ကြည့်သလို ခံစားလာရဖို့လိုတယ်၊ အဓိက စာ,စဖတ်မယ့် မိတ်ဆွေတွေအတွက် အကြင်သူသည်ဝတ္ထုကိုအရင် ဖတ်တာထက် သူတို့နေ့စဉ်ကြုံတွေ့နေရတဲ့ အခက်အခဲကို စာဖတ်ပြီး အတွေးအမြင်အသစ်၊ စိတ်ရွှင်လန်းမှုအသစ်ကို ရစေချင်လို့ပါ။

ထားလိုက်ပါလေ။ ကျွန်ဝောာ်ပြောချင်တာက•••••
(1) ကျွန်တော် ဘယ်က ဘယ်လိုစပြီး စာဖတ်ဖြစ်တယ်ဆိုတာရယ်၊ 
(2) အခုမှ စာ,စဖတ်မယ့် မိတ်ဆွေတွေအနေနဲ့ အမြဲစာဖတ်ချင်လာအောင် ဘယ်လိုစာတွေ ဖတ်သင့်လဲဆိုတာရယ်ကို ကျွန်တော့်အတွေး၊ ကျွန်တော့်အမြင် တစ်ခုတည်းဖြင့် ရေးသားလိုက်ပါတယ်။ 

⚠️လွတ်လပ်စွာ သဘောထား ကွဲလွဲခွင့် ရှိပါတယ်နော်။

(1) ကျွန်ဝောာ် စာ,စဖတ်ဖြစ်ခဲ့တာက အရင်ဆုံး ဆရာတင်ညွန့်၊ ဆရာသန်လျင် မောင်မောင်ဦး တို့ရဲ့ စာအတိုလေးတွေ၊ တစ်နေ့တာ ဖြစ်ပျက်ခဲ့တာတွေကို ရေးတင်ထားတဲ့ စာအတိုလေးတွေကိုပေါ့ အဲ့စာတွေဖတ်မိတယ်။ ဒီဆရာတွေကလည်း စာတိုတိုလေးနဲ့ အဆုံးသတ်မှာ ကျွန်တော်တို့အတွက် ထားခဲ့တဲ့ မက်ဆေ့ခ်ျက အရမ်းအသုံးဝင်တယ်။ သဘောကျတယ်။ လေးစားမိတယ်။ စာဖတ်ရတာကို နှစ်သက်လာတယ်။ ဒီလိုစာအတိုတွေ ဖတ်ကြည့်လိုက်တော့ ဖတ်တာလေးငါးခုလောက် ဖြစ်လာတော့ Facebook ကလည်း ဒီလိုစာအတိုတွေ အများကြီးကို ပြတယ်၊ မြင်စေတယ်။ ပို့စ်တွေက စာအတိုတွေပဲ တတ်လာတယ်။ တခြား ဟာသဗီဒီယိုတွေ၊ ဖီးလ်နေတာတွေ၊ ‌ဈေးရောင်းပို့စ်တွေ၊ ရန်ဖြစ်နေတာတွေ ပျောက်ပျောက်လာတယ်။ အဲ့လိုနဲ့ စာအတိုတွေ ဖတ်ဖြစ်တော့ အရသာ၊ ခံစားချက်တစ်ခု ရလာတာပေါ့နော်။ အဲ့လိုဖတ်ရင်းနဲ့ စာသားတစ်ခုကိုတွေ့တယ်၊ ဘယ်ဝတ္ထု၊ ဘယ်စာရေးဆရာဆိုပြီး။ စိတ်ဝင်စားလာတယ်၊ စာအတိုတွေ အများကြီး ဖတ်ခဲ့တဲ့အတွက်လည်း စာဖတ်ရမပျင်းတော့ဘူး။ တစ်ခုခုဆို ဘာအကြောင်းရေးထားလဲ အရမ်းသိချင်လာတယ်၊ ဖတ်တယ်၊ မှတ်သားစရာလေးတွေ့ရင် ဖုန်းထဲက Note ထဲ မှတ်ထားလိုက်တယ်။ ဒီလိုနဲ့ စာဖတ်ဖြစ်လာတာပေါ့။

(2)အခုမှ စဖတ်မယ့် မိတ်ဆွေတွေ ဘယ်လိုစာအုပ် ဖတ်ရမလဲ မပြောခင် တစ်ခုပြောချင်တာက ဘယ်စာအုပ်ကို ဖတ်ဖတ် စာရေးသူ သို့မဟုတ် ဘာသာပြန်ဆိုသူရဲ့ အမှာစာကို လုံးဝလက်လွတ်မခံပါနဲ့၊ အရင်ဆုံးအမှာစာကိုဖတ်ပါ။ အမှာစာဖတ်လိုက်ရင် ဒီစာအုပ်ကို အခုချိန် ဖတ်သင့် မဖတ်သင့် အတွေးတစ်ခုရမယ်၊ ချက်ချင်းဖတ်သင့်တဲ့ စာအုပ်မျိုးဆို ချက်ချင်းဖတ်ပြီး၊ တခြို့စာအုပ်ဆို နောက်မှ ဖတ်လည်းရတာပေါ့။ 

ဥပမာပြောပြမယ်နော်။ ပေါ်လီယာနာနဲ့ Annie နှစ်အုပ်ယှဉ်တယ်။ အမှာစာကို အရင်ဖတ်လိုက်တယ်။ Annie က မိဘမဲ့ကလေးတစ်ယောက်အကြောင်းဆိုတာ သိလိုက်ရတယ်၊ ပေါ်လီယာနာစာအုပ်ရဲ့ အမှာစာမှာ မိဘမဲ့ကလေးတစ်ယောက်ဆိုတာထက်ကို ပိုနေတဲ့အကြောင်း အမှာစာက ရှင်းပြနေတယ်။ ကစားနည်းအကြောင်း ကမ္ဘာကြီးကိုပါ ပြောင်းလဲစေမယ့် ကျွန်တော်ကိုယ်တိုင် အချိန်မကုန် လူမပင်ပန်းပဲ ကစားလို့ရမယ်၊ ကစားနည်းကို မကစားရင် လူဖြစ်ရှုံးလောက်တဲ့အထိ ညွှန်းထားတယ်။ အဲ့လိုတွေ့တော့ ပေါ်လီယာနာ(မူရင်း)ကို မြန်မာပြန် မေတ္တာရှင်မလေး ပေါ်လီယာနာဆိုပြီး ဘာသာပြန်ထားတဲ့ စာအုပ်လေးဖတ်လိုက်တယ်။ ကျွန်တော်စာဖတ်လိုက်လို့ ကုန်သွားတဲ့ အချိန်တွေကို အရမ်းကျေနပ်မိလောက်အောင်ကောင်းတယ်၊ တစ်ချက်မှ မပျင်းရဘူး၊ စာအုပ်မပြီးခင် ဘာမှကို ထမလုပ်ချင်တာ၊ အဲ့လောက်ကောင်းတဲ့ စာအုပ်။

ပါပလွန်နှင့် ဗင်ကို စာအုပ်ရယ်
ရော်ဘင်စင် ကရူးစိုး စာအုပ်ရယ်
ဒီလိုပဲ အမှာစာကို ဖတ်ပြီး ကျွန်တော်ရွေးခဲ့တယ်။ ကျွန်တော်သင်္ဘောသားဖြစ်တဲ့အတွက် ကရူးစိုးရဲ့ ပင်လယ်ပြင်အခက်ခဲနဲ့ ကျွန်းပေါ်မှာ တစ်ယောက်ထဲ အသက်ရှင်အောင် ကြိုးပမ်းပုံတွေ အရင်ဖတ်ခဲ့တယ်၊ ပြီးမှ ပါပီလွန်ကို ဖတ်ခဲ့တယ်။

သိုးဆောင်းရဲ့ လက်ညိုးထိုး၍ ပန်းဝေသည် စာအုပ်ရယ်၊ သိုးဆောင်းရဲ့ အကြင်သူသည် စာအုပ်ရယ် နှစ်ခုကို ယှဉ်တော့လည်း လက်ညိုးထိုး၍ ပန်းဝေသည် စာအုပ်ကို သေသေချာချာကိုဖတ်ဖြစ်ပြီး အသိမိတ်ဆွေတွေကိုလည်း ရုပ်ရှင်တကားကြည့်နေရသလို ပြန်ရှင်းပြခဲ့တယ်။ 

ပြောချင်တဲ့ သဘောကတော့ အမှာစာကိုဖတ်ပြီးမှ ဒီစာအုပ်က ဦးစားပေးလား၊ ငါ့အတွက် လက်တလောဖတ်သင့်နေတဲ့ စာအုပ်လား၊ ဒီထက်ပိုပြီး ဖတ်သင့်တဲ့စာအုပ်ကို အရင်ရွေးချယ်မလားဆိုပြီး ဆုံးဖြတ်တာပေါ့။ ကို့အတွက် လိုအပ်နေတဲ့ စာပေအာဟာရကို အရင်သောက်သုံးတာပေါ့ဗျာ။

ဆရာတင်ညွန့် စာတွေအရင်ဖတ်ပါ။
ဆရာ သန်လျင်မောင်မောင်ဦး စာတွေအရင်ဖတ်ပါ။
Facebook က သုံးမိနစ်၊ ငါးမိနစ် စာပေအတိုတွေ အရင်ဖတ်ပါ။
စာဖတ်အကျင့်လေး ရလာပြီဆိုရင်•••••••••

ပေါ်လီယာနာ
ပါပီလွန်နှင့် ဗင်ကို
ရော်ဘင်စင် ကရူးစိုး ဒီစာအုပ်တွေဖတ်ပါ။

စိတ်ကူးယဉ်စာအုပ်ထက် ဖြစ်ရပ်မှန် စာအုပ်ကို ဦးစားပေးဖတ်ပါ။

စာအုပ်လိုချင်တဲ့ မိတ်ဆွေတွေ၊ ကျွန်တော့်လိုပဲ နိုင်ငံရပ်ခြားမှာ သင်္ဘောလိုက်နေသည်ဖြစ်စေ၊ နိုင်ငံတစ်ခုခုမှာ အလုပ်လုပ်ကိုင်နေသည်ဖြစ်စေ၊ စာအုပ်သယ်ဖို့၊ စာအုပ်ဝယ်ဖို့ အခက်ခဲရှိသူများ pdf book လိုအပ်လျှင် ကျွန်တော်ပေးပါမယ်။ ကျွန်တော့်မှာ စာအုပ်ရာကျော်ရှိပါတယ်။ 

⚠️နမူနာစာအုပ်တွေကို ပြောထားတာနော်။
⚠️ကျွန်တော်ညွှန်းတဲ့ စာအုပ်တွေမှ မဟုတ်ပါဘူး။
⚠️ဒီလို အလားတူ စာအုပ်ကောင်းတွေ အများကြီး ရှိပါတယ်။
⚠️Review တွေ၊ အမှာစာတွေ၊ စာဖတ်သူအချင်းချင်း ပြောပြတဲ့ တခြားစာအုပ်ကောင်းတွေ မိမိကြိုက်နှစ်သက်ရာကို ရွေးချယ်နိုင်ပါတယ်။

📕အဓိက ကျွန်တော်တို့တွေ စာဖတ်ကြမယ်။😊

လေးစားစွာဖြင့်
#မောင်ရှိန်း
10.08.2025